၂၈ ဇွန် ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ၊ ချာချောင်ဆောင်ပြည်နယ်၊ ဖနွမ်ဆာရခမ်မြို့နယ်က အလုပ်သမားစခန်းတစ်ခုမှာ မြန်မာအလုပ်သမားအုပ်စုနဲ့ ကျေးရွာလုံခြုံရေးအဖွဲ့ဝင်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး မြန်မာအလုပ်သမား ၃ ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။
ဖြစ်စဉ်ဟာ ဇွန်လ ၂၇ ရက် ည ၁၁ နာရီခွဲဝန်းကျင်မှာ ကော့ခနွန်းဒေသ၊ အမှတ် ၉ ကျေးရွာအုပ်စု၊ ဘန်နောင်နမ်ဒမ်ရွာက အလုပ်သမားစခန်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က ဇွန်လ ၂၈ ရက် မနက်အစောပိုင်းမှာ အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးရာ မြန်မာအလုပ်သမား ၃ ဦး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။
အခင်းဖြစ်နေရာမှာ အရက်နဲ့ ဘီယာပုလင်းတွေ၊ ကွဲနေတဲ့ဖန်စတွေ၊ ၉ မီလီမီတာ ကျည်ခွံ ၁၆ ခုကျော်နဲ့ ဖြစ်စဉ်မှာ အသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ သေနတ်နဲ့ ဓားတစ်ချောင်းကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ပါတယ်။
ရုန်းရင်းဆန်ခတ်ဖြစ်စဉ်အတွင်း ကျေးရွာလုံခြုံရေးအဖွဲ့ဝင်တစ်ဦးလည်း ပုလင်းနဲ့ရိုက်ခံရတာ၊ ဓားဒဏ်ရာရတာတွေကြောင့် ပြင်းထန်ဒဏ်ရာရပြီး ဆေးရုံပို့ဆောင်ထားရပါတယ်။
ကနဦးစစ်ဆေးချက်တွေအရ သေဆုံးသူတွေအပါအဝင် မြန်မာအလုပ်သမား ၂၀ ခန့်ဟာ အားလပ်ရက်အထိမ်းအမှတ် အရက်သောက်စားပြီး သီချင်းဆိုတာ၊ ဇလုံနဲ့ ရေပုံးတွေကို တီးခတ်တာတွေ လုပ်နေခဲ့ပါတယ်။
ညနက်ပိုင်းအထိ ဆူညံနေတာကြောင့် အနီးပတ်ဝန်းကျင်က ဒေသခံတွေက ကျေးရွာလုံခြုံရေးအဖွဲ့ကို အကြောင်းကြားပြီး သွားရောက်သတိပေးခိုင်းခဲ့တာ ဖြစ်ပါတယ်။
ပစ်ခတ်ခဲ့ကြောင်း ထွက်ဆိုထားတဲ့ အသက် ၂၄ နှစ်အရွယ် ကျေးရွာလုံခြုံရေးအဖွဲ့ဝင်က သူနဲ့ အဖွဲ့ဝင်တစ်ဦး သတိပေးချိန်မှာ မြန်မာအလုပ်သမားတချို့နဲ့ စကားများပြီး တိုက်ခိုက်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ကို ပြောပါတယ်။
ရုန်းရင်းဆန်ခတ်အတွင်း ကျေးရွာလုံခြုံရေးအဖွဲ့ဝင်တဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာပစ်ခတ်ခဲ့သူဘက်က ကနဦးထွက်ဆိုချက်သာဖြစ်ပြီး သေနတ်ကို ဘယ်အချိန်မှာ စတင်ပစ်ခတ်ခဲ့တာ၊ ပစ်ခတ်မှုက အခြေအနေနဲ့ သင့်လျော်မှုရှိ၊ မရှိနဲ့ ဖြစ်စဉ်အပြည့်အစုံကို အတည်မပြုနိုင်သေးပါဘူး။
ထိုင်းရဲတပ်ဖွဲ့နဲ့ မှုခင်းဆေးပညာအဖွဲ့တွေက အခင်းဖြစ်နေရာက သက်သေတွေကို စုဆောင်းပြီး မျက်မြင်သက်သေတွေကို ဆက်လက်မေးမြန်းနေပါတယ်။
သေဆုံးသူ မြန်မာအလုပ်သမား ၃ ဦးရဲ့ အမည်နဲ့ ကိုယ်ရေးအချက်အလက်တွေကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။


