၁၇ ဇွန် ၂၀၂၆ | New Day Myanmar
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နဲ့ ကရင်ပြည်နယ်၊ ဘားအံမြို့တို့မှာ တပ်ဆင်အသုံးပြုနေတဲ့ စီးပွားရေးလုပ်ငန်းသုံး လျှပ်စစ်မီတာ ၅၂ လုံးကို စစ်ဆေးရာ မသမာတဲ့နည်းလမ်းနဲ့ ဓာတ်အားရယူသုံးစွဲသူ ၁၃ ဦးကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ စစ်အုပ်စု လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
AMI Monitoring and Control Center ကြီးကြပ်ရေးအဖွဲ့ဟာ မေလ ၂၅ ရက်ကစပြီး နှစ်ကြာရပ်တန့်နေတဲ့ မီတာတွေ၊ LNG နှုန်းနဲ့ ဓာတ်အားခကောက်ခံနေတဲ့ Analog မီတာတွေနဲ့ လက်ရှိအသုံးပြုနေတဲ့ Digital မီတာတွေကို စစ်ဆေးခဲ့ရာ အခုလို ဖော်ထုတ်နိုင်ခဲ့တာလို့ ဆိုပါတယ်။
စစ်ဆေးရာမှာ မီတာအသုံးပြုမှုမှတ်တမ်းတွေကို ရယူတာ၊ AMI CT မီတာတွေကို SIM Card တပ်ဆင်ပြီး ထိန်းချုပ်ရေးစင်တာနဲ့ ချိတ်ဆက်တာ၊ မီတာ Seal မှတ်တမ်းတွေကို ESE Billing Server နဲ့ တိုက်ဆိုင်စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မသမာတဲ့နည်းလမ်းနဲ့ ဓာတ်အားရယူသုံးစွဲမှုကြောင့် လျှပ်စစ်ဓာတ်အား ၁,၂၀၅,၂၆၆ ယူနစ် ဆုံးရှုံးခဲ့ပြီး ငွေကျပ် ၇၈၅ သန်းကျော် နစ်နာခဲ့တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။
အဲဒီဆုံးရှုံးမှုဟာ နေ့စဉ် လူဦးရေ ၃,၆၆၉ ဦးခန့် လျှပ်စစ်မီးသုံးစွဲခွင့် မရရှိတာနဲ့ ညီမျှတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
မော်လမြိုင်ဒေသခံတဦးကတော့ “လျှပ်စစ်က တာဝန်ရှိသူတွေ၊ ဝန်ထမ်းတွေနဲ့ ပေါင်လုပ်တဲ့ ကိစ္စပါ။ အဲ့လိုလုပ်နေတာကြာလှပြီပေါ့။ ဝန်ထမ်းကို ပိုက်ဆံပေးလိုက်ရင် အဲ့လို ပြုပြင်တာတွေ လုပ်ပေးတယ်။ ခုမှ စီမံချက်ရှိလို့ ဖမ်းတာနေမှာ။”လို့ New Day Myanmar ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်ကလည်း ရန်ကုန်တိုင်း၊ မြောင်းတကာစက်မှုဇုန်မှာရှိတဲ့ သံမဏိထုတ်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကို လျှပ်စစ်မီတာခ ငွေကျပ် သန်း ၄,၅၀၀ (ကျပ်သိန်း ၄၅၀၀၀) ကျော်ဖိုး ခိုးယူသုံးစွဲခဲ့တယ်ဆိုပြီး လျှပ်စစ်ဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ စစ်တပ်ရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ဇွန် ၁၃ ရက်မှာ ထုတ်ပြန်ခဲ့ပါသေးတယ်။


