Homeဆောင်းပါးဘေဂျင်းခရီးစဉ်နောက်က စစ်အုပ်စု-ခရိုနီ စီးပွားရေးကွန်ယက်

ဘေဂျင်းခရီးစဉ်နောက်က စစ်အုပ်စု-ခရိုနီ စီးပွားရေးကွန်ယက်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်မှာ စစ်အုပ်စုနဲ့ ဆက်နွှယ်တဲ့ မြန်မာခရိုနီလုပ်ငန်းရှင်တွေ၊ စီးပွားရေးအသင်းအဖွဲ့အကြီးအကဲတွေ၊ မီဒီယာနဲ့ ဆက်သွယ်ရေးကဏ္ဍနောက်ခံရှိသူတွေ အများအပြား လိုက်ပါသွားတာဟာ တရုတ်-မြန်မာ စီးပွားရေးစီမံကိန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုကွန်ယက်တွေနဲ့ စစ်အုပ်စုရဲ့ စီးပွားရေးအသက်ရှူလမ်းကြောင်းတွေ ပြန်လည်ချိတ်ဆက်နိုင်ရေးအတွက် နောက်ကွယ်က လှုပ်ရှားမှုတစ်ခု ဖြစ်နိုင်တယ်လို့ နိုင်ငံရေးနဲ့ စီးပွားရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။

New Day Myanmar ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ အဆိုပါခရီးစဉ်မှာ သရုပ်ဆောင် ဝတ်မှုံရွှေရည်ရဲ့ အမျိုးသားဖြစ်သူ နိုင်ဖြိုးကျော်၊ ကိုကို (စက်မှု)၊ ဦးသက်ချိုအောင်၊ ရဲတံခွန်ကုမ္ပဏီနဲ့ ဆက်စပ်သူအဖြစ် ဖော်ပြခံရတဲ့ ဦးမောင်မောင်နိုင်၊ Asia World နဲ့ ဆက်စပ်သူအဖြစ် လူသိများတဲ့ ဦးထွန်းမြင့်နိုင် ခေါ် စတီဗင်လော၊ UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်း၊ နန်းကလျာဝင်း၊ ရွှေသံလွင် Group ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ MAX Myanmar Group ပိုင်ရှင် ဦးဇော်ဇော်၊ ဆက်သွယ်ရေးကုမ္ပဏီ ATOM ရဲ့ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဝင်းပိုင်ကျော်၊ နဲ့ ဒေါက်တာနိုင်ဆွေဦးတို့ လိုက်ပါသွားတယ်လို့ သိရပါတယ်။

အဆိုပါစာရင်းနဲ့ ပတ်သက်ပြီး အချို့ပုဂ္ဂိုလ်တွေရဲ့ ခရီးစဉ်အတွင်း ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍအသေးစိတ်ကိုတော့ New Day Myanmar အနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

မင်းအောင်လှိုင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ ဇွန်လ ၁၅ ရက်ကနေ ၁၉ ရက်အထိ တရုတ်နိုင်ငံကို နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် သွားရောက်နေတာဖြစ်ပြီး ဇွန်လ ၁၆ ရက်မှာ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်မှာ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် ၁၈ ခု လက်မှတ်ရေးထိုးခဲ့တယ်လို့ စစ်အုပ်စုဘက်က ထုတ်ပြန်ထားပါတယ်။ သဘောတူညီချက်တွေထဲမှာ နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံ၊ ကျန်းမာရေး၊ သဘာဝဘေးကူညီရေးနဲ့ မီဒီယာပူးပေါင်းဆောင်ရွက်ရေး စတဲ့ကဏ္ဍတွေ ပါဝင်တယ်လို့ သိရပါတယ်။

တရုတ်ဘက်ကလည်း China-Myanmar Economic Corridor — CMEC အပါအဝင် Belt and Road Initiative အောက်က စီမံကိန်းတွေကို ဆက်လက်တွန်းအားပေးလိုကြောင်း ပြောဆိုထားပါတယ်။ CMEC ထဲမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း၊ စက်မှုဇုန်နဲ့ အခြေခံအဆောက်အအုံစီမံကိန်းတွေ ပါဝင်နေပါတယ်။

ဒီလိုအချိန်မှာ စစ်အုပ်စုနဲ့ နီးစပ်တဲ့ ခရိုနီလုပ်ငန်းရှင်တွေ၊ စီးပွားရေးကွန်ယက်အကြီးအကဲတွေကို ခရီးစဉ်မှာ တွေ့လာရတာဟာ သာမန်အခမ်းအနားလိုက်ပါမှုထက် ပိုတဲ့ အဓိပ္ပာယ်ရှိနိုင်တယ်လို့ လေ့လာသူတွေက မြင်ကြပါတယ်။

ဦးဇော်ဇော်ဟာ MAX Myanmar Group ကို တည်ထောင်ထားသူဖြစ်ပြီး ဆောက်လုပ်ရေး၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်၊ စွမ်းအင်၊ စိုက်ပျိုးရေးနဲ့ အားကစားကဏ္ဍတွေမှာ လုပ်ငန်းအကျယ်အဝန်းရှိတဲ့ မြန်မာလုပ်ငန်းရှင်တစ်ဦးအဖြစ် လူသိများပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဦးဇော်ဇော်ဟာ ပြည်သူမြင်ကွင်းထဲကနေ အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပေမယ့် နောက်ပိုင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပါဝင်တဲ့ အခမ်းအနားတွေမှာ ပြန်လည်တွေ့မြင်လာရပါတယ်။

အခုတစ်ခေါက် တရုတ်ခရီးစဉ်မှာ ဦးဇော်ဇော် ပါဝင်လာတာဟာ စစ်အုပ်စုအတွက် ပြည်တွင်းစီးပွားရေးကွန်ယက်၊ ဘဏ္ဍာရေးအထောက်အပံ့နဲ့ နိုင်ငံတကာစီးပွားရေးဆက်သွယ်မှုတွေ ပြန်လည်စုစည်းရာမှာ ခရိုနီလုပ်ငန်းရှင်တွေကို ပြန်လည်အသုံးချလာတဲ့ လက္ခဏာတစ်ခုအဖြစ် သုံးသပ်နိုင်တယ်လို့ စီးပွားရေးလေ့လာသူတွေက ဆိုပါတယ်။

ဦးထွန်းမြင့်နိုင် ခေါ် စတီဗင်လောကတော့ Asia World Group နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး မြန်မာစစ်အစိုးရအဆက်ဆက်နဲ့ နီးစပ်ခဲ့သူအဖြစ် နိုင်ငံတကာသတင်းတွေမှာ အကြိမ်ကြိမ် ဖော်ပြခံခဲ့ရသူ ဖြစ်ပါတယ်။

Asia World Group ဟာ ဆိပ်ကမ်း၊ လေဆိပ်၊ ဆောက်လုပ်ရေး၊ အခြေခံအဆောက်အအုံ၊ စွမ်းအင်နဲ့ ကုန်သွယ်ရေးကဏ္ဍတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး လုပ်ငန်းစုတွေထဲက တစ်ခုအဖြစ် လူသိများပါတယ်။

စတီဗင်လောလို လုပ်ငန်းရှင်တစ်ဦး တရုတ်ခရီးစဉ်မှာ ပါဝင်လာတာဟာ တရုတ်ရဲ့ အခြေခံအဆောက်အအုံစီမံကိန်းတွေ၊ ဆိပ်ကမ်း၊ လမ်းကြောင်း၊ နယ်စပ်ကုန်သွယ်ရေးနဲ့ ကုန်စည်ပို့ဆောင်ရေးစနစ်တွေကို စစ်အုပ်စုအောက်မှာ ပြန်လည်တိုးချဲ့နိုင်ရေးနဲ့ ဆက်စပ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ဦးမောင်မောင်နိုင်ကတော့ ရဲတံခွန်ကုမ္ပဏီနဲ့ ဆက်စပ်နေသူဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားဖြစ်သူ ဦးအောင်ပြည့်စုံနဲ့အတူ Sky One Construction Company Limited မှာ ဒါရိုက်တာတစ်ဦးအဖြစ် တွဲဖက်ပါဝင်ခဲ့သူဖြစ်ကြောင်း ကုမ္ပဏီမှတ်တမ်းတွေအရ သိရပါတယ်။

ဦးမောင်မောင်နိုင်ဟာ Yetagon Energy ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ်လည်း လူသိများသူဖြစ်ပြီး စစ်ခေါင်းဆောင်မိသားစုနဲ့ စီးပွားရေးဆက်နွှယ်မှုရှိသူအဖြစ် စီးပွားရေးအသိုင်းအဝိုင်းကြား ပြောဆိုခံနေရသူ ဖြစ်ပါတယ်။

ဦးမောင်မောင်နိုင်လို စစ်ခေါင်းဆောင်မိသားစုနဲ့ စီးပွားရေးဆက်နွှယ်မှုရှိတယ်လို့ ဖော်ပြခံရသူတစ်ဦး တရုတ်ခရီးစဉ်မှာ ပါဝင်လာတာဟာ စွမ်းအင်၊ ဆောက်လုပ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေကို တရုတ်ဘက်နဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် အရေးကြီးတဲ့ အချက်တစ်ခုအဖြစ် သုံးသပ်နိုင်ပါတယ်။

ဦးဝင်းပိုင်ကျော်ကတော့ ဆက်သွယ်ရေးကုမ္ပဏီ ATOM ရဲ့ ဒုတိယအမှုဆောင်အရာရှိချုပ်အဖြစ် ဖော်ပြခံထားရသူ ဖြစ်ပါတယ်။

ATOM ဟာ ယခင် Telenor Myanmar လုပ်ငန်းကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုင်ဆိုင်မှုအပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးဝန်ဆောင်မှု ဆက်လက်ပေးနေတဲ့ အဓိက မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဆက်သွယ်ရေးကဏ္ဍဟာ ဖုန်းလိုင်း၊ အင်တာနက်၊ ဒေတာ၊ ငွေပေးချေမှုနဲ့ စောင့်ကြည့်ထိန်းချုပ်ရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် နိုင်ငံရေးအရ အလွန်အရေးပါတဲ့ ကဏ္ဍတစ်ခု ဖြစ်လာပါတယ်။

ဒါကြောင့် ATOM ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဝင်းပိုင်ကျော်လို ဆက်သွယ်ရေးလုပ်ငန်းအကြီးအကဲတစ်ဦး စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်မှာ ပါဝင်လာတာဟာ တရုတ်နည်းပညာကုမ္ပဏီတွေ၊ ဆက်သွယ်ရေးအခြေခံအဆောက်အအုံ၊ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုနဲ့ စစ်အုပ်စုရဲ့ နည်းပညာဆိုင်ရာ လိုအပ်ချက်တွေကြား ဆက်စပ်မှုရှိနိုင်တယ်ဆိုတဲ့ မေးခွန်းတွေကိုလည်း ပေါ်ထွက်စေပါတယ်။

နိုင်ဖြိုးကျော်ကတော့ သရုပ်ဆောင် ဝတ်မှုံရွှေရည်ရဲ့ အမျိုးသားအဖြစ် လူသိများလာသူဖြစ်ပေမယ့် သူ့ရဲ့ စီးပွားရေးနောက်ခံနဲ့ စစ်ခေါင်းဆောင်မိသားစုနဲ့ ဆက်နွှယ်မှုရှိတယ်ဆိုတဲ့ ဝေဖန်ချက်တွေကြောင့် ပိုမိုအာရုံစိုက်ခံလာသူ ဖြစ်ပါတယ်။

သူဟာ MG Myanmar ဥက္ကဋ္ဌ၊ 7th Sense Creation ပူးတွဲတည်ထောင်သူနဲ့ Green Circle Company မှာ ဒုတိယဥက္ကဋ္ဌအဖြစ် ဖော်ပြခံထားရသူဖြစ်ပြီး Green Circle ဟာ VeVe အချိုရည်ထုတ်လုပ်တဲ့ ကုမ္ပဏီအဖြစ် လူသိများပါတယ်။

နိုင်ဖြိုးကျော်ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သမီး ခင်သီရိသက်မွန်နဲ့ စီးပွားရေးဆက်စပ်မှုရှိသူအဖြစ် သတင်းဌာနတွေမှာ ဖော်ပြခံခဲ့ရပါတယ်။ အထူးသဖြင့် EV ကားတင်သွင်းမှု၊ MG brand နဲ့ N.P.K Motors လုပ်ငန်းတွေမှာ သူ့နာမည်နဲ့ စစ်ခေါင်းဆောင်မိသားစုနာမည်တွေ ဆက်စပ်ဖော်ပြခံခဲ့ရပါတယ်။

အခု တရုတ်ခရီးစဉ်မှာ နိုင်ဖြိုးကျော် ပါဝင်လာတာဟာ စစ်ခေါင်းဆောင်မိသားစုနဲ့ ဆက်နွှယ်တဲ့ ကားတင်သွင်းရေး၊ EV စီမံကိန်း၊ စက်မှုလုပ်ငန်းနဲ့ တရုတ်ကုမ္ပဏီတွေအကြား စီးပွားရေးဆက်သွယ်မှုတွေကို ပိုမိုတိုးချဲ့လိုတဲ့ လက္ခဏာတစ်ခုအဖြစ် သုံးသပ်နိုင်ပါတယ်။

ဦးအေးဝင်းကတော့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် — UMFCCI ရဲ့ ဥက္ကဋ္ဌဖြစ်ပြီး မြန်မာစီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းအကြီးအကဲတစ်ဦး ဖြစ်ပါတယ်။

UMFCCI ဟာ မြန်မာစီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ စစ်အုပ်စုအစီအစဉ်တွေမှာ ပါဝင်မှုနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရတဲ့ အဖွဲ့အစည်းလည်း ဖြစ်လာပါတယ်။

ဦးအေးဝင်းလို စီးပွားရေးအသင်းချုပ်အကြီးအကဲတစ်ဦး ခရီးစဉ်မှာ ပါဝင်လာတာဟာ စစ်အုပ်စုအနေနဲ့ တရုတ်ဘက်ကို “မြန်မာစီးပွားရေးအသိုင်းအဝိုင်းက စစ်အုပ်စုအုပ်ချုပ်ရေးနဲ့ ပူးပေါင်းနေသည်” ဆိုတဲ့ ပုံရိပ်တစ်ခု ပြသလိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်နိုင်ပါတယ်။

နန်းကလျာဝင်းဟာ UMFCCI နဲ့ ဆက်နွှယ်တဲ့ စီးပွားရေးအသိုင်းအဝိုင်းထဲက အမျိုးသမီးလုပ်ငန်းရှင်တစ်ဦးအဖြစ် လူသိများပြီး ယခင်က စစ်အုပ်စုဆိုင်ရာ စီးပွားရေးဖိုရမ်နဲ့ နိုင်ငံခြားခရီးစဉ်တွေမှာလည်း တွေ့ရဖူးသူ ဖြစ်ပါတယ်။

ရွှေသံလွင် Group ဥက္ကဋ္ဌ ဦးကျော်ဝင်းကလည်း စစ်အုပ်စုနဲ့ နီးစပ်တဲ့ စီးပွားရေးကွန်ယက်ထဲမှာ အရေးပါသူတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။

ရွှေသံလွင် Group ဟာ SkyNet မီဒီယာလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ ပညာရေး၊ အိမ်ခြံမြေနဲ့ အခြားကဏ္ဍတွေမှာ လုပ်ငန်းအကျယ်အဝန်းရှိတဲ့ ကုမ္ပဏီအုပ်စုတစ်ခု ဖြစ်ပါတယ်။

SkyNet ဟာ မြန်မာနိုင်ငံရဲ့ ရုပ်သံထုတ်လွှင့်ရေးနဲ့ pay-TV လုပ်ငန်းကဏ္ဍမှာ အရေးပါခဲ့ပြီး စစ်တပ်နဲ့ ဆက်နွှယ်တဲ့ နိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေကြောင့် ရွှေသံလွင် Group ဟာ ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ဝေဖန်မှုတွေကို ကြုံခဲ့ရပါတယ်။

ကိုကို (စက်မှု) နဲ့ ဒေါက်တာနိုင်ဆွေဦးတို့လို မီဒီယာ၊ think tank နဲ့ စစ်တပ်အငြိမ်းစားကွန်ယက်နောက်ခံရှိသူတွေ ပါဝင်လာတာကတော့ စစ်အုပ်စုအနေနဲ့ တရုတ်ခရီးစဉ်မှာ စီးပွားရေးတစ်ခုတည်းမဟုတ်ဘဲ မီဒီယာ၊ နိုင်ငံရေးအယူအဆထုတ်လုပ်မှုနဲ့ နိုင်ငံတကာပုံရိပ်တည်ဆောက်ရေးကွန်ယက်တွေကိုပါ အသုံးချလိုတဲ့ လက္ခဏာတစ်ခုအဖြစ် မြင်နိုင်ပါတယ်။

ဦးသက်ချိုအောင်နဲ့ အခြားအမည်အတည်မပြုနိုင်သေးတဲ့ လုပ်ငန်းရှင်တစ်ဦးတို့ရဲ့ လုပ်ငန်းနောက်ခံနဲ့ ခရီးစဉ်အတွင်း ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍအသေးစိတ်ကိုတော့ New Day Myanmar က ဆက်လက်စုံစမ်းနေပါတယ်။

စစ်အုပ်စုက နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြန်လည်ဆွဲဆောင်ရေးနဲ့ တရုတ်ကဲ့သို့ အရေးပါသော အိမ်နီးချင်းနိုင်ငံတွေကနေ စီးပွားရေးအထောက်အပံ့ရရှိရေးကို ကြိုးစားနေတဲ့အချိန်မှာ ခရိုနီလုပ်ငန်းရှင်တွေဟာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုမှာ ပြန်လည်နေရာယူလာကြတာ ဖြစ်ပါတယ်။

အထူးသဖြင့် တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံဟာ အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်နိုင်တဲ့ မဟာဗျူဟာလမ်းကြောင်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မြေရှားသတ္တုနဲ့ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးကြီးတဲ့ နိုင်ငံတစ်ခု ဖြစ်နေပါတယ်။

စစ်အုပ်စုအတွက်လည်း တရုတ်ဟာ နိုင်ငံရေးအသိအမှတ်ပြုမှု၊ လက်နက်၊ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေးအသက်ရှူလမ်းကြောင်းတွေ ရနိုင်တဲ့ အဓိကနိုင်ငံ ဖြစ်နေပါတယ်။

ဒီလို နှစ်ဖက်လိုအပ်ချက်တွေကြားမှာ ခရိုနီလုပ်ငန်းရှင်တွေဟာ စစ်အုပ်စုနဲ့ တရုတ်စီးပွားရေးအကြား ဆက်သွယ်ပေးတဲ့ အလယ်အလတ်ကွန်ယက်အဖြစ် ပြန်လည်အသုံးချခံလာနိုင်ပါတယ်။

စစ်အုပ်စုဘက်ကတော့ တရုတ်ခရီးစဉ်ကို နှစ်နိုင်ငံချစ်ကြည်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုရရှိရေး အောင်မြင်တဲ့ ခရီးစဉ်အဖြစ် ပြသဖို့ ကြိုးစားနေပါတယ်။

ဒါပေမဲ့ မြေပြင်အခြေအနေမှာတော့ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်၊ စီးပွားရေးကျဆင်းမှု၊ နိုင်ငံခြားငွေအကျပ်အတည်း၊ လောင်စာဆီဈေးနှုန်းတက်မှု၊ အလုပ်လက်မဲ့ပြဿနာနဲ့ ပြည်သူသန်းချီ နေရပ်စွန့်ခွာရမှုတွေကို ရင်ဆိုင်နေရပါတယ်။

အဲဒီအခြေအနေမှာ စစ်အုပ်စုနဲ့ နီးစပ်တဲ့ ခရိုနီလုပ်ငန်းရှင်တွေ တရုတ်ခရီးစဉ်မှာ လိုက်ပါသွားတာဟာ ပြည်သူ့အကျပ်အတည်းကို ဖြေရှင်းဖို့ထက် စစ်အုပ်စုအုပ်ချုပ်ရေးကို ရှင်သန်စေမယ့် စီးပွားရေးကွန်ယက်တွေကို ပြန်လည်ချိတ်ဆက်ဖို့ ကြိုးပမ်းမှုတစ်ခုလားဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာစေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး