Homeပြည်တွင်းသတင်းစစ်အုပ်စုနဲ့ DCI Group ဆက်လက်ပတ်သက်လုပ်ကိုင်နေတာကို JFM ရှုတ်ချ

စစ်အုပ်စုနဲ့ DCI Group ဆက်လက်ပတ်သက်လုပ်ကိုင်နေတာကို JFM ရှုတ်ချ

၇ မေ ၂၀၂၆ | New Day Myanmar

တရားမဝင် မြန်မာစစ်အုပ်စုနဲ့ အမေရိကန် လော်ဘီကုမ္ပဏီ DCI Group တို့ ဆက်လက်ပတ်သက်လုပ်ကိုင်နေတာကို ရှုတ်ချကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်လိုက်ပြီး အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေအနေနဲ့ စစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်တိုးလုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မိတ်ဆွေဟောင်းနဲ့ ယခင်အကြံပေးဖြစ်သူ ရော်ဂျာစတုန်းကို စစ်အုပ်စုက ငှားရမ်းထားတယ်လို့ ဧပြီ ၂၉ ရက်နေ့မှာ တင်သွင်းခဲ့တဲ့ အမေရိကန်နိုင်ငံ နိုင်ငံခြားကိုယ်စားလှယ်များ မှတ်ပုံတင်အက်ဥပဒေ (FARA) မှတ်တမ်းတွေအရ သိရကြောင်း JFM က ဆိုပါတယ်။

အဲဒီမှတ်တမ်းတွေအရ စစ်အုပ်စုရဲ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ DCI Group တို့ဟာ အမေရိကန်ဒေါ်လာ ၃ သန်းတန် စာချုပ်ချုပ်ဆိုထားပြီး ရော်ဂျာစတုန်းက အကြံပေးအဖြစ် တာဝန်ယူလုပ်ကိုင်ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ ဝန်ဆောင်မှုအတွက် တစ်လကို အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ရရှိမယ်လို့လည်း ဖော်ပြထားပါတယ်။

ရော်ဂျာစတုန်းဟာ ၂၀၁၉ ခုနှစ်က ရုရှားဝင်ရောက်စွက်ဖက်မှုနဲ့ ပတ်သက်တဲ့ အမေရိကန်ကွန်ဂရက် စုံစမ်းစစ်ဆေးမှုမှာ မမှန်မကန်ထွက်ဆိုတာ၊ သက်သေကို လွှမ်းမိုးတာအပါအဝင် စုံစမ်းစစ်ဆေးမှုကို ဟန့်တားနှောင့်ယှက်မှုတွေနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံခဲ့ရသူဖြစ်ပါတယ်။

သူဟာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရပေမယ့် ၂၀၂၀ ခုနှစ်မှာ ဒေါ်နယ်ထရမ့်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့တာပါ။

JFM ကတော့ DCI Group နဲ့ စစ်အုပ်စုကြားက စာချုပ်ဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေရဲ့ ဟာကွက်တွေကို အသုံးချနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ ထောက်ပြထားပါတယ်။

၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့မှာ စစ်အုပ်စုက အမေရိကန်ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို ဖျက်သိမ်းပြီး နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းရေးကော်မရှင် (SSPC) အဖြစ် အမည်ပြောင်းခဲ့ပြီးနောက် DCI Group က FARA မှာ စာရင်းတင်သွင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဆိုပါ သဘောတူစာချုပ်ကိုတော့ SAC အဖြစ် ရှိနေဆဲ ၂၀၂၅ ခုနှစ် ဇူလိုင် ၄ ရက်နေ့ကတည်းက ကြိုတင်လက်မှတ်ရေးထိုးထားခဲ့တာကို တွေ့ရတယ်လို့ JFM က ဖော်ပြထားပါတယ်။

DCI Group နဲ့ စစ်အုပ်စုကြားက စာချုပ်မှာ သဘာဝသယံဇာတ၊ ကုန်သွယ်ရေးနဲ့ “လူသားချင်းစာနာထောက်ထားမှုအကူအညီ” တွေကို အခြေခံပြီး အမေရိကန်နဲ့ ဆက်ဆံရေး “ပြန်လည်တည်ဆောက်ရေး” ကို ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် JFM ကတော့ စစ်အုပ်စုဟာ မြန်မာပြည်သူတွေဆီက သဘာဝသယံဇာတတွေကို အဓမ္မလုယူခေါင်းပုံဖြတ်ပြီး အကြမ်းဖက်လုပ်ရပ်တွေကို ငွေကြေးထောက်ပံ့နေသလို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကိုပါ လက်နက်သဖွယ် အသုံးပြုနေတယ်လို့ စွပ်စွဲထားပါတယ်။

“ရော်ဂျာစတုန်းနဲ့ DCI Group က လူတွေဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုဆီကနေ အကျိုးအမြတ်တွေ ရရှိနေပါတယ်” လို့ JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

ဒါ့အပြင် DCI Group နဲ့ စစ်အုပ်စုကြား စာချုပ်ချုပ်ဆိုခဲ့တာဟာ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ရှားဖို့ သိသာထင်ရှားတဲ့ ကြိုးပမ်းမှုတစ်ရပ်ဖြစ်တယ်လို့လည်း သူက ထောက်ပြထားပါတယ်။

JFM ကတော့ အမေရိကန်၊ ကနေဒါ၊ ယူကေ၊ အီးယူနဲ့ ဩစတြေးလျနိုင်ငံတွေအနေနဲ့ စစ်အုပ်စုအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်တိုးလုပ်ဆောင်ဖို့နဲ့ အမည်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဟာကွက်တွေကို ပိတ်ဆို့ဖို့ လိုအပ်တယ်လို့ တောင်းဆိုထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး