၇ မေ ၂၀၂၆ | New Day Myanmar
မင်းအောင်လှိုင် ဦးဆောင်တဲ့ ဟန်ပြအစိုးရသစ်ဖွဲ့စည်းပြီးနောက်ပိုင်း မြန်မာစစ်အုပ်စုအပေါ် ဒေသတွင်းသံတမန်ဖိအားတွေ ပိုမိုမြင့်တက်လာနေပြီး အာဆီယံအနေနဲ့ စစ်အုပ်စုကို နိုင်ငံရေးအရ ပိုမိုကန့်သတ်ပိတ်ဆို့ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးဟောင်းတွေနဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်ဟောင်းတွေက ပူးတွဲတိုက်တွန်းလိုက်ပါတယ်။
အဲဒီပူးတွဲကြေညာချက်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ကဆစ်ပီရွမ်၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဆိုင်ဖူဒင်အဗ္ဗဒူလာ၊ ဖိလစ်ပိုင်အထက်လွှတ်တော်အမတ်ဟောင်း လိုင်လာဒီလီမာတို့အပြင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူဟောင်းတွေဖြစ်တဲ့ ယန်ဟီးလီ၊ မာဇူကီဒါရုစမန်းနဲ့ ခရစ်ဆီဒိုတီတို့က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့မှာ ကျင်းပနေတဲ့ ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း မြန်မာ့အရေးကို ထိရောက်စွာ ကိုင်တွယ်နိုင်ခြင်းမရှိတော့တဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် (5PC) ကို ပြန်လည်သုံးသပ်ဖို့နဲ့ ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ တရားဝင်သမ္မတအဖြစ် ဆက်လက်အသိအမှတ်ပြုထားဖို့ တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အာဆီယံအနေနဲ့ ယခင်လို ထိန်းသိမ်းဆက်ဆံတဲ့ မူဝါဒတွေအစား ပိုမိုတင်းကျပ်တဲ့ နည်းလမ်းတွေနဲ့ စစ်အုပ်စုကို ကိုင်တွယ်သင့်ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ နိုင်ငံရေးအရ တရားဝင်မှုရရှိစေနိုင်တဲ့ အသိအမှတ်ပြုမှုတွေကို အာဆီယံအနေနဲ့ ရပ်ဆိုင်းသင့်ကြောင်းနဲ့ အာဆီယံအစည်းအဝေးတွေကို စစ်အုပ်စုကိုယ်စားပြုသူတွေ တက်ရောက်ခွင့်ကို ပိုမိုကန့်သတ်သင့်ကြောင်းလည်း တောင်းဆိုထားပါတယ်။
SAC-M ကတော့ စစ်အုပ်စုဟာ အာဆီယံရဲ့ သဘောထားပျော့ပြောင်းမှုကို အခွင့်ကောင်းယူပြီး အရပ်သားတွေအပေါ် စစ်ရေးတိုက်ခိုက်မှုတွေ ဆက်လက်တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဝေဖန်ထားပါတယ်။
“စစ်အုပ်စုရဲ့ အပြုအမူတွေ ပြောင်းလဲလာမယ်လို့ မျှော်လင့်နေခြင်းကို အာဆီယံအနေနဲ့ ရပ်တန့်သင့်ပြီ” လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားတယ်ဆိုတဲ့ သတင်းတွေနဲ့ စစ်အုပ်စုက စီစဉ်နေတဲ့ ရွေးကောက်ပွဲတွေဟာ နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိဖို့ ရည်ရွယ်တဲ့ နိုင်ငံရေးခြေလှမ်းတွေသာ ဖြစ်နိုင်ကြောင်းလည်း သတိပေးထားပါတယ်။
အာဆီယံအနေနဲ့ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို နယ်စပ်ဖြတ်ကျော်လမ်းကြောင်းတွေအပါအဝင် လိုအပ်တဲ့နေရာတွေထိ ရောက်ရှိနိုင်ဖို့ ဖိအားပေးဆောင်ရွက်သင့်ကြောင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ရဲ့ လုပ်ပိုင်ခွင့်နဲ့ အရင်းအမြစ်တွေကိုလည်း တိုးမြှင့်ပေးသင့်ကြောင်း တောင်းဆိုထားပါတယ်။
SAC-M ရဲ့ အချက်အလက်တွေအရ ၂၀၂၆ ခုနှစ် မတ်လအတွင်း စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၅၀၀ ကျော် သေဆုံးခဲ့ပြီး အဲဒီကာလဟာ အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားသေဆုံးမှု အများဆုံးလတွေထဲက တစ်လဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် စီဘူးမှာ ကျင်းပနေတဲ့ အခုအာဆီယံထိပ်သီးအစည်းအဝေးဟာ မြန်မာ့အရေးအပေါ် အာဆီယံရဲ့ မူဝါဒပြောင်းလဲမှု ရှိမရှိကို စောင့်ကြည့်ရမယ့် အရေးကြီးအချိန်ကာလတစ်ခု ဖြစ်လာနေတယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။


