Homeပြည်တွင်းသတင်းထိုင်းမှာ ဧပြီလအတွင်း အပူချိန် ၆၀ ဒီဂရီအထိ မြင့်တက်နိုင်

ထိုင်းမှာ ဧပြီလအတွင်း အပူချိန် ၆၀ ဒီဂရီအထိ မြင့်တက်နိုင်

၃၀ မတ်လ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံမှာ ဧပြီလအတွင်း အပူချိန် ၆၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နိုင်ပြီး ကိုယ်ခံအားနည်းသူတွေအတွက် အန္တရာယ်ကြီးမားနိုင်တယ်လို့ ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူမှုရေးဝန်ကြီးဌာန (DES) က မတ်လ ၃၀ ရက်မှာ သတိပေးလိုက်ပါတယ်။

အပူညွှန်းကိန်းဆိုတာ လေထုအပူချိန်နဲ့ စိုထိုင်းဆကို ပေါင်းစပ်တွက်ချက်ထားတာဖြစ်ပြီး လူ့ခန္ဓာကိုယ်က တကယ်ခံစားရတဲ့ အပူချိန်ကို ဖော်ပြပေးတာဖြစ်ပါတယ်။ စိုထိုင်းဆ မြင့်လာတာနဲ့အမျှ အပူဒဏ်ကို ပိုခံစားရစေနိုင်တယ်လို့ သိရပါတယ်။

DES က အသက်ကြီးသူတွေ၊ ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ နာတာရှည်ရောဂါရှိသူတွေ၊ အဝလွန်သူတွေ၊ ပြင်ပမှာ အလုပ်လုပ်သူတွေ၊ စိတ်ကျန်းမာရေးလူနာတွေ နဲ့ အရက်သောက်သူတွေဟာ အပူညွှန်းကိန်းမြင့်တဲ့ ကာလအတွင်း အန္တရာယ်ပိုများတယ်လို့ ပြောပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ မိုးလေဝသခန့်မှန်းချက်နဲ့ အပူညွှန်းကိန်းအခြေအနေတွေကို အမြဲစောင့်ကြည့်ဖို့၊ နေ့လယ် ၁ နာရီကနေ ညနေ ၄ နာရီအတွင်း ပြင်ပထွက်တာတွေကို တတ်နိုင်သမျှရှောင်ရှားဖို့ အကြံပြုထားပါတယ်။

တစ်နေ့ကို ရေ ၈ ခွက်ဝန်းကျင် သောက်ဖို့နဲ့ ရေငတ်မှ သောက်တာမဟုတ်ဘဲ ကြိုတင်သောက်သုံးထားဖို့လည်း တိုက်တွန်းထားပါတယ်။ အပူပြင်းတဲ့အချိန်မှာ အရက်နဲ့ သကြားပါဝင်မှုမြင့်တဲ့ အချိုရည်တွေကို ရှောင်ရှားသင့်တယ်လို့ ဆိုပါတယ်။

အပြင်ထွက်ရမယ့်သူတွေ အနေနဲ့ ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်ဖို့၊ ဦးထုပ်နဲ့ ထီး အသုံးပြုဖို့လည်း အကြံပြုထားပါတယ်။

ဒါ့အပြင် သွေးဖိအားကျဆေး၊ နှာစေးပျောက်ဆေး၊ ဆီးဆေး နဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဆေးတွေ သောက်နေသူတွေဟာ ကိုယ့်အခြေအနေကို ပိုမိုဂရုစိုက်စောင့်ကြည့်ဖို့ လိုတယ်လို့ ဝန်ကြီးဌာနက သတိပေးပါတယ်။ အချို့ဆေးဝါးတွေက ခန္ဓာကိုယ်ရဲ့ အပူထိန်းညှိနိုင်စွမ်းကို လျော့နည်းစေနိုင်တာကြောင့် ဖြစ်ပါတယ်။

ပြင်ပမှာ လေ့ကျင့်ခန်းလုပ်သူတွေ သို့မဟုတ် အလုပ်လုပ်သူတွေ အနေနဲ့လည်း အဖွဲ့လိုက် လုပ်ဆောင်ပြီး တစ်ယောက်နဲ့တစ်ယောက် အပူဒဏ်လက္ခဏာတွေကို စောင့်ကြည့်ပေးဖို့ လိုအပ်တယ်လို့ DES က သတိပေးထားပါတယ်။

ဓါတ်ပုံ – AFP

သတင်း – Bangkok post

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး