Homeပြည်တွင်းသတင်းရန်ကုန်မှာ WiFi အပြင် ဒေတာ အင်တာနက်လိုင်းတွေပါ ကျဆင်းနေ

ရန်ကုန်မှာ WiFi အပြင် ဒေတာ အင်တာနက်လိုင်းတွေပါ ကျဆင်းနေ

၂၄ မတ် ၂၀၂၆ ၊ New Day Myanmar

ရန်ကုန်မြို့နယ်အများစုမှာ WiFi အပြင် ဒေတာအသုံးပြု အင်တာနက်လိုင်းတွေပါ ကျဆင်းနေတယ်လို့ ရန်ကုန်နေ ပြည်သူအချို့က New Day Myanmar ကို ပြောပါတယ်။

လက်ရှိမှာ အွန်လိုင်းကတဆင့် သင်တန်းတက်ရောက်သူတွေ၊ အလုပ်လုပ်ကိုင်နေသူတွေနဲ့ အခြားအွန်လိုင်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေ အနည်းငယ် အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။

“အိမ်မှာက WiFi စက်တပ်ထားတယ်။ လိုင်းတွေကျနေတော့ ကုမ္ပဏီကို ဖုန်းဆက်တာ သူတို့ဘက်မှာတော့ လိုင်းနဲ့ပတ်သက်လို့ ချို့ယွင်းချက်မရှိပေမယ့် လိုင်းတွေတော့ နည်းနည်းကျနေတယ်လို့ ပြောတယ်။ စက်အဖွင့်အပိတ်လုပ်ပြီး ပြန်သုံးကြည့်လို့ပဲ ပြောတယ်။ လုပ်ကြည့်တော့လည်း မရပါဘူး။ ဒေတာနဲ့ သုံးပြန်တော့လည်း နှေးနေတယ်။ ဖေ့စ်ဘွတ်ကြည့်တာလောက်တော့ ပြဿနာမရှိပေမယ့် အလုပ်နဲ့ကျတော့ တော်တော်လေး ကသိကအောက်ဖြစ်တယ်” လို့ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်သူတစ်ဦးက ဆိုပါတယ်။

အင်တာနက်လိုင်းတွေ ကျဆင်းနေတာဟာ လုံးဝမရတဲ့ ပုံစံမျိုး မဟုတ်ဘဲ တက်လိုက်ကျလိုက် ဖြစ်နေတာလို့ သာကေတမြို့နယ်နေသူတစ်ဦးကလည်း ပြောပါတယ်။

“သတိထားမိတာတော့ နှစ်ရက်လောက်ရှိပြီ။ ကိုယ့်ဆီက စာလည်း ထွက်ဖို့ကြာလို၊ ပြန်ပို့လာတဲ့ စာတွေကလည်း ကြာလာတယ်။ ဖေ့စ်ဘွတ်စာမျက်နှာကို တစ်ခုကနေ တစ်ခု ပြောင်းရင်လည်း အဝိုင်းလည်ပြီး စောင့်နေရတယ်။ လုံးလုံးမရတာမျိုးလည်း မဟုတ်ဘူး။ နှေးနေတာပေါ့” လို့ ပြောပါတယ်။

ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Khaosod English က စုစည်းဖော်ပြထားတဲ့ Speedtest Global Index အချက်အလက်တွေ အရ အာဆီယံနိုင်ငံတွေအနက် စင်ကာပူဟာ ကမ္ဘာ့အဆင့် ၁ နဲ့ အင်တာနက်လိုင်း အမြန်ဆုံးဖြစ်ပြီး၊ ဗီယက်နမ်က အဆင့် ၉ (အာဆီယံအဆင့် ၂) နှင့် ထိုင်းနိုင်ငံက ကမ္ဘာ့အဆင့် ၁၅ (အာဆီယံအဆင့် ၃) နဲ့ ရပ်တည်နေကြတယ်လို့ သိရပါတယ်။

အာဆီယံနိုင်ငံတွေဖြစ်တဲ့ မလေးရှားက ကမ္ဘာ့အဆင့် ၄၃၊ ဖိလစ်ပိုင်က အဆင့် ၆၂၊ ဘရူနိုင်းက အဆင့် ၈၇၊ လာအိုက အဆင့် ၁၀၅၊ ကမ္ဘောဒီးယားက အဆင့် ၁၀၈ နဲ့ အင်ဒိုနီးရှားက အဆင့် ၁၁၅ မှာ ရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ Fixed Broadband အင်တာနက်မြန်နှုန်းဟာ ကမ္ဘာ့အဆင့် ၁၃၁ ကို ရောက်ရှိနေပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင် သိသိသာသာ ကျဆင်းနေတာကိုလည်း တွေ့ရပါတယ်။

ဓာတ်ပုံ – လူမှုကွန်ရက်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး