Homeပြည်တွင်းသတင်းအရှေ့တောင်အာရှတွင် မြန်မာက စိတ်ဆင်းရဲစရာအများဆုံး နိုင်ငံအဖြစ် ရပ်တည်

အရှေ့တောင်အာရှတွင် မြန်မာက စိတ်ဆင်းရဲစရာအများဆုံး နိုင်ငံအဖြစ် ရပ်တည်

၂၃ မတ်လ ၂၀၂၆ | New Day Myanmar

နောက်ဆုံးထုတ်ပြန်ထားတဲ့ “ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံများ အစီရင်ခံစာ ၂၀၂၆” အရ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသတွင်းမှာ စိတ်ဆင်းရဲစရာအများဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရပြီး ကမ္ဘာ့အဆင့် ၁၂၉ နေရာမှာ ရပ်တည်နေပါတယ်။

အဆိုပါအစီရင်ခံစာမှာ နိုင်ငံသားတွေရဲ့ ဘဝနေထိုင်မှုအခြေအနေ၊ ဝင်ငွေ၊ လူမှုဘဝအထောက်အပံ့၊ ကျန်းမာရေး၊ လွတ်လပ်မှုခံစားချက်နဲ့ အကျင့်ပျက်ခြစားမှုအခြေအနေတွေကို အခြေခံတွက်ချက်ထားတာဖြစ်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာတော့ စင်ကာပူနိုင်ငံက ကမ္ဘာ့အဆင့် ၃၆ နဲ့ အမြင့်ဆုံးမှာ ရပ်တည်နေပြီး ဗီယက်နမ် (၄၅)၊ ထိုင်း (၅၂)၊ ဖိလစ်ပိုင် (၅၆)၊ မလေးရှား (၇၁) နဲ့ အင်ဒိုနီးရှား (၈၇) တို့က အထက်အဆင့်တွေမှာ ပါဝင်နေပါတယ်။ ကမ္ဘောဒီးယားကလည်း အဆင့် ၁၂၁ မှာ ရှိပြီး မြန်မာထက် အနည်းငယ်မြင့်နေပါတယ်။

ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ ဖင်လန်နိုင်ငံက အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေပြီး အိုက်စလန်နဲ့ ဒိန်းမတ်တို့က ဒုတိယနဲ့ တတိယနေရာတွေကို ရရှိထားပါတယ်။ အောက်ဆုံးနေရာမှာတော့ အာဖဂန်နစ္စတန်ရှိနေပါတယ်။

ဒီအချက်အလက်တွေဟာ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း Gallup World Poll ရဲ့ စစ်တမ်းအချက်အလက်တွေကို အခြေခံထားတာဖြစ်ပြီး လူမှုဘဝ၊ စီးပွားရေး၊ လုံခြုံရေးနဲ့ စိတ်ကျန်းမာရေးအခြေအနေတွေကို အဓိကထားတွက်ချက်ထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အဆင့်နိမ့်ကျနေတာဟာ ၂၀၂၁ နောက်ပိုင်း စီးပွားရေးကျဆင်းမှု၊ အလုပ်အကိုင်ရှားပါးမှု၊ လုံခြုံရေးမတည်ငြိမ်မှုနဲ့ စစ်ဘေးဒဏ်တွေ ဆက်လက်ကြုံတွေ့နေရတာတွေကြောင့်ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။ ကုန်ဈေးနှုန်းမြင့်တက်မှု၊ စက်သုံးဆီပြတ်လပ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကလည်း ပြည်သူတွေရဲ့ နေ့စဉ်ဘဝကို ထိခိုက်နေတယ်လို့ ဆိုပါတယ်။

Related News

Most Read