Homeအထူးသတင်းအမြန်လမ်းခ ဘတ် ၅၀ အငြင်းပွားမှုကနေ မြန်မာခရီးသည်တွေ ရိုက်နှက်လို့ မျက်စိတဖက်ကွယ်ခဲ့ရတယ်လို့ ထိုင်းယာဉ်မောင်း တိုင်ကြား

အမြန်လမ်းခ ဘတ် ၅၀ အငြင်းပွားမှုကနေ မြန်မာခရီးသည်တွေ ရိုက်နှက်လို့ မျက်စိတဖက်ကွယ်ခဲ့ရတယ်လို့ ထိုင်းယာဉ်မောင်း တိုင်ကြား

၆ ဇူလိုင် ၂၀၂၆ | New Day Myanmar

အမြန်လမ်းအသုံးပြုခ ထိုင်းဘတ် ၅၀ ပေးချေရေး အငြင်းပွားမှုကနေ မြန်မာခရီးသည် ၅ ဦးက ဝိုင်းဝန်းရိုက်နှက်ခဲ့တာကြောင့် ညာဘက်မျက်စိ အမြင်အာရုံ အပြီးတိုင်ဆုံးရှုံးခဲ့ရတယ်လို့ အသက် ၆၁ နှစ်အရွယ် ထိုင်းအငှားယာဉ်မောင်းတဦးက တိုင်ကြားပြီး တရားမျှတမှုရရှိရေး တောင်းဆိုလိုက်ပါတယ်။

ဆူဖချိုင်လို့ အမည်ရတဲ့ ယာဉ်မောင်းဟာ အမှုဖြစ်ပွားပြီး သုံးလနီးပါးကြာတဲ့အထိ သံသယရှိသူတွေကို မဖမ်းဆီးနိုင်သေးတာကြောင့် ဇူလိုင် ၆ ရက်မှာ အကူအညီပေးရေးအဖွဲ့တခုဆီ သွားရောက်တိုင်ကြားခဲ့တာပါ။

ဖြစ်စဉ်ဟာ ဧပြီ ၁၂ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆူဖချိုင်က ဘန်ကောက်မြို့ မိုချစ်ကားဂိတ်ကနေ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးပါ မြန်မာခရီးသည် ၅ ဦးကို စမွတ်ပရာကန်ပြည်နယ်၊ ဘန်ဖလီမြို့နယ်က ဟိုတယ်တခုဆီ ပို့ဆောင်ဖို့ အက်ပလီကေးရှင်းကနေ ခရီးစဉ်လက်ခံခဲ့ပါတယ်။

လမ်းပိတ်ဆို့မှုရှောင်နိုင်ဖို့ အမြန်လမ်းကနေ သွားမလားလို့ ယာဉ်မောင်းက မေးမြန်းခဲ့ရာ ခရီးသည်တွေ သဘောတူခဲ့တာကြောင့် အမြန်လမ်းခ ဘတ် ၅၀ ကို သူက ကြိုတင်ပေးချေခဲ့တယ်လို့ ဆိုပါတယ်။

ဟိုတယ်ကိုရောက်ချိန်မှာ အက်ပလီကေးရှင်းက ယာဉ်စီးခ ဘတ် ၇၂၀ ပြသခဲ့ပြီး အမြန်လမ်းခ ဘတ် ၅၀ အပါအဝင် စုစုပေါင်း ဘတ် ၇၇၀ တောင်းခံရာ ခရီးသည်တွေက ပိုတောင်းတယ်လို့ဆိုပြီး အမြန်လမ်းခပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ ယာဉ်မောင်းက ထွက်ဆိုထားပါတယ်။

ထိုင်းစကားပြောနိုင်တဲ့ ရှေ့ခန်းထိုင် အမျိုးသားခရီးသည်က ယာဉ်မောင်းကို ဓာတ်ပုံရိုက်ဖို့ ကြိုးစားရာ ဆူဖချိုင်က တားမြစ်ခဲ့ပြီးနောက် စကားများခဲ့ကြတာပါ။ အဲဒီနောက် သူ့မျက်နှာကို အကြိမ်ကြိမ် ထိုးကြိတ်ခဲ့တာကြောင့် သတိလစ်သွားခဲ့ပြီး ခရီးသည် ၅ ဦးလုံးက ယာဉ်စီးခမပေးဘဲ ထွက်ပြေးသွားတယ်လို့ ဆူဖချိုင်က စွပ်စွဲထားပါတယ်။

သူဟာ ဘန်ဖလီဆေးရုံမှာ သတိပြန်လည်ရရှိခဲ့ပြီး ညာဘက်မျက်လုံးအိမ်အရိုးကျိုးတာ၊ ဦးခေါင်းဒဏ်ရာရတာနဲ့ ဦးနှောက်အတွင်း သွေးယိုစီးတာတွေ တွေ့ရှိခဲ့ပါတယ်။ နောက်ပိုင်းစစ်ဆေးမှုမှာ ညာဘက်မျက်စိ အပြင်းအထန်ပျက်စီးပြီး အမြင်အာရုံ အပြီးတိုင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ဆူဖချိုင်ဟာ လက်ရှိအချိန်အထိ ခေါင်းကိုက်တာနဲ့ မူးဝေတာတွေ ခံစားနေရပြီး ယာဉ်မောင်းအဖြစ် အလုပ်မလုပ်နိုင်တော့တာကြောင့် မသန်စွမ်းသူအဖြစ် မှတ်ပုံတင်ထားရပါတယ်။

ဆေးရုံက ဆင်းလာပြီးနောက် ဘန်ကဲရဲစခန်းမှာ အမှုဖွင့်ခဲ့ပေမယ့် ရဲတပ်ဖွဲ့က သံသယရှိသူတွေရဲ့ အမည်နဲ့ နိုင်ငံကူးလက်မှတ်နံပါတ်တွေသာ ရရှိထားပြီး နေရပ်လိပ်စာ၊ အလုပ်နေရာနဲ့ ဆက်သွယ်ရန်အချက်အလက်တွေ မရရှိတာကြောင့် လိုက်လံရှာဖွေရာမှာ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။

အကူအညီပေးရေးအဖွဲ့ဘက်က ဘန်ကဲရဲစခန်းမှူးကို ဆက်သွယ်ပြီး အမှုစစ်ဆေးမှု အရှိန်မြှင့်ပေးဖို့ တောင်းဆိုသွားမှာဖြစ်သလို အခင်းဖြစ်ပွားရာ ဟိုတယ်က လုံခြုံရေးကင်မရာမှတ်တမ်းတွေကနေ သံသယရှိသူတွေကို ခြေရာခံနိုင်မယ်လို့ ပြောထားပါတယ်။

လက်ရှိဖော်ပြထားတဲ့ အချက်အလက်တွေဟာ ယာဉ်မောင်းဘက်က တိုင်ကြားထွက်ဆိုချက်တွေဖြစ်ပြီး စွပ်စွဲခံထားရသူတွေရဲ့ တုံ့ပြန်ချက်နဲ့ ရဲတပ်ဖွဲ့ရဲ့ အပြီးသတ်စစ်ဆေးချက် မထွက်ပေါ်သေးပါဘူး။

Related News

Most Read