၆ ဇူလိုင် ၂၀၂၆ | New Day Myanmar
စစ်အုပ်စုဟာ ၂၀၂၆ ခုနှစ် ဇွန်လကနေ ဇူလိုင်လ ပထမပတ်အတွင်း မြန်မာနိုင်ငံအနှံ့က ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တွေကို ဆက်တိုက်ဖြိုဖျက်ဖယ်ရှားနေပြီး တစ်လမပြည့်ခင်အတွင်း အနည်းဆုံး မြို့ ၈ မြို့က ရုပ်ထု ၈ ခုထက်မနည်း ဖယ်ရှားခဲ့တယ်လို့ စုစည်းရရှိတဲ့ အချက်အလက်တွေအရ သိရပါတယ်။
အဲဒီဖြစ်ရပ်တွေဟာ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ ဆက်တိုက်ဖြစ်ပွားခဲ့တာဖြစ်ပြီး အများစုကို ညပိုင်းအချိန်တွေမှာ လျှပ်စစ်မီးဖြတ်တောက်ကာ ဘက်ဟိုးနဲ့ အခြားစက်ယန္တရားတွေ အသုံးပြုပြီး ဖြိုဖျက်ခဲ့တာဖြစ်ပါတယ်။
ပထမဆုံးအဖြစ် ဇွန် ၁၀ ရက်မှာ ပဲခူးတိုင်း တောင်ငူမြို့ ကန်လမ်းရှိ ၁၅ ပေမြင့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို စစ်အုပ်စုက ဖယ်ရှားခဲ့ပါတယ်။ အဲဒီရုပ်ထုကို ၂၀၁၆ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ်အဖြစ် စိုက်ထူခဲ့တာဖြစ်ပြီး မင်းအောင်လှိုင် တောင်ငူမြို့ကို သွားရောက်ခဲ့ပြီး ရက်ပိုင်းအကြာမှာ ဖြိုဖျက်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဇွန် ၂၇ ရက်မှာတော့ စစ်ကိုင်းတိုင်း ရေဦးမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ညပိုင်းအချိန်မှာ ဖယ်ရှားခဲ့ပါတယ်။
ဇူလိုင် ၁ ရက်ညမှာ ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာပန်းခြံနဲ့ သာကေတမြို့နယ် မြကန်သာပန်းခြံတို့မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် နှစ်ခုကိုလည်း တစ်ညတည်းမှာ ဖြိုဖျက်ခဲ့ပါတယ်။
ဇူလိုင် ၂ ရက်မှာ ဧရာဝတီတိုင်း ကျုံပျော်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ဖယ်ရှားခဲ့ပြီး၊ ဇူလိုင် ၅ ရက်ဝန်းကျင်မှာ မကွေးတိုင်း တောင်တွင်းကြီးမြို့၊ ရေစကြိုမြို့နဲ့ ဧရာဝတီတိုင်း မအူပင်မြို့တို့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွေကိုလည်း ဆက်လက်ဖြိုဖျက်ခဲ့ပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ ဖြစ်ရပ်အများစုမှာ လုံခြုံရေးတင်းကျပ်စွာ ချထားပြီး အများပြည်သူ မမြင်နိုင်တဲ့ ညပိုင်းအချိန်ကို ရွေးချယ်ကာ စက်ယန္တရားတွေ အသုံးပြုခဲ့ကြပါတယ်။
စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ထု၊ ဓာတ်ပုံနဲ့ သမိုင်းသင်္ကေတတွေကို နေရာအတော်များများမှာ ဖယ်ရှားလာခဲ့ပြီး၊ အခုလို ဇွန်လနဲ့ ဇူလိုင်လအတွင်း ဆက်တိုက်ဖြိုဖျက်မှုတွေဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းအမွေအနှစ်နဲ့ သင်္ကေတတွေကို စနစ်တကျ ဖယ်ရှားနေတဲ့ လုပ်ရပ်အဖြစ် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။


