၆ ဇူလိုင် ၂၀၂၆ | New Day Myanmar
မန္တလေးမြို့က Sky Villa ကွန်ဒိုပြိုကျမှုနဲ့ ပတ်သက်ပြီး NTL Construction Company ပိုင်ရှင် ဦးနိုင်ထွန်းလင်းကို ထောင်ဒဏ် ၅ နှစ်သာ ချမှတ်ခဲ့တာကြောင့် ဥပဒေမှာ သတ်မှတ်ထားတဲ့ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ပေးဖို့ တရားလိုဘက်က မြို့နယ်ဥပဒေရုံးကတဆင့် ပြင်ဆင်လျှောက်ထားလိုက်တယ်လို့ တရားရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒီအမှုကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က ဦးစီးအရာရှိတဦးက တရားလိုပြုလုပ်ပြီး စွဲဆိုခဲ့တာ ဖြစ်ပါတယ်။
ဦးနိုင်ထွန်းလင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄(က)၊ ပေါ့ဆမှုကြောင့် လူသေဆုံးစေမှုနဲ့ စွဲချက်တင်ခဲ့ပြီး တရားရုံးက ဒီအပတ်အတွင်း ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာပါ။ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) အရ အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်နဲ့ ငွေဒဏ် ချမှတ်နိုင်ပါတယ်။
တရားလိုဘက်က ချမှတ်ထားတဲ့ ထောင်ဒဏ် ၅ နှစ်ဟာ ပြစ်မှုနဲ့ ထိခိုက်သေဆုံးမှုအခြေအနေအရ နည်းပါးတယ်လို့ ယူဆတာကြောင့် အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ပေးဖို့ ပြင်ဆင်လျှောက်ထားတာဖြစ်တယ်လို့ တရားရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“အခုပြစ်ဒဏ်အပေါ် တရားလိုကနေ ပြီး ထပ်တင်လာတဲ့ အတွက် ဥပဒေရုံးကနေ ပြင်ဆင်ပြီး ပြန်လည်လျောက်ထားတာဖြစ်ပါတယ်။”လို့ ဥပဒေရုံးနဲ့ နီးစပ်သူက New Day Myanmar ကို ပြောပါတယ်။
တဖက်မှာလည်း ဦးနိုင်ထွန်းလင်းဘက်က တရားရုံးရဲ့ အမိန့်ကို မကျေနပ်တာကြောင့် အယူခံတက်ဖို့ ပြင်ဆင်နေတယ်လို့ သူနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Sky Villa ကွန်ဒိုဟာ ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က မန္တလေးအနီး ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်အတွင်း ပြိုကျခဲ့ပြီး လူ ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးတွေအောက်ကနေ အသက်ရှင်သူ ၅၂ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။
ကွန်ဒိုပြိုကျမှုနဲ့ ပတ်သက်ပြီး ဦးနိုင်ထွန်းလင်းကို ဖေဖော်ဝါရီ ၁၀ ရက်က အောင်မြေသာစံမြို့နယ်တရားရုံးမှာ တရားစွဲတင်ခဲ့တာဖြစ်ပြီး အခုအခါ တရားလိုနဲ့ တရားခံ နှစ်ဖက်စလုံးက တရားရုံးအမိန့်ကို ပြန်လည်စိစစ်ပေးဖို့ သက်ဆိုင်ရာဥပဒေလမ်းကြောင်းကနေ ဆက်လက်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။


