Homeပြည်တွင်းသတင်းSky Villa ကွန်ဒိုပြိုကျမှုနဲ့ပတ်သက်ပြီး NTL Construction ပိုင်ရှင် ဦးနိုင်ထွန်းလင်း ထောင်ဒဏ် ၇ နှစ်အထိ တိုးမြှင့်ချမှတ်ခံရ

Sky Villa ကွန်ဒိုပြိုကျမှုနဲ့ပတ်သက်ပြီး NTL Construction ပိုင်ရှင် ဦးနိုင်ထွန်းလင်း ထောင်ဒဏ် ၇ နှစ်အထိ တိုးမြှင့်ချမှတ်ခံရ

၁၃ ဇူလိုင် ၂၀၂၆ | New Day Myanmar

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်က Sky Villa ကွန်ဒိုပြိုကျမှုနဲ့ ပတ်သက်ပြီး NTL Construction Company ပိုင်ရှင် ဦးနိုင်ထွန်းလင်းကို ချမှတ်ထားတဲ့ ထောင်ဒဏ် ၅ နှစ်ကို အယူခံအဆင့်မှာ ၂ နှစ် ထပ်တိုးချမှတ်လိုက်တာကြောင့် စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ကျခံရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

အောင်မြေသာစံမြို့နယ်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က (ပေါ့ဆမှုကြောင့် လူသေဆုံးစေမှု) နဲ့ ဇွန်လ ၂၃ ရက်က ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့ပြီးနောက် ဦးနိုင်ထွန်းလင်းဘက်က အောင်မြေသာစံခရိုင်တရားရုံးကို ပြင်ဆင်မှုနဲ့ အယူခံတက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ခရိုင်တရားရုံးက ဇူလိုင် ၁၀ ရက်မှာ ထောင်ဒဏ် ၂ နှစ် ထပ်တိုးချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဦးနိုင်ထွန်းလင်းကို အောင်မြေသာစံမြို့နယ် အမှတ် (၁) နယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က နဲ့ အမှုဖွင့်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။ နောက်ပိုင်း အာမခံနဲ့ အပြင်ကနေ အမှုကို ရင်ဆိုင်ခွင့်ရခဲ့ပေမယ့် ၂၀၂၆ ခုနှစ် မတ်လ ၁၇ ရက်မှာ အာမခံကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

Sky Villa ကွန်ဒိုဟာ ၂၀၂၅ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ပြီး မန္တလေးမြို့မှာ ငလျင်ကြောင့် လူအသေအပျောက် အများဆုံး အဆောက်အအုံပြိုကျမှုတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ကွန်ဒိုအတွင်းမှာ လူ ၄၀၀ ကျော် နေထိုင်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရာမှာ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၈ ရက်အထိ သေဆုံးသူ ရုပ်အလောင်း ၂၀၇ လောင်းကို တွေ့ရှိခဲ့ပြီး အသက်ရှင်လျက် ကယ်ထုတ်နိုင်သူ ၅၂ ဦးရှိခဲ့ပါတယ်။

ဒီအမှုကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က ဦးစီးအရာရှိတစ်ဦးက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က အရ မဆင်မခြင် သို့မဟုတ် ပေါ့ဆတဲ့လုပ်ရပ်ကြောင့် လူသေဆုံးစေခဲ့ရင် အမြင့်ဆုံး အလုပ်နဲ့ထောင်ဒဏ် ၇ နှစ်အထိနဲ့ ငွေဒဏ် ချမှတ်နိုင်ပါတယ်။ အကယ်၍ လူသေဆုံးနိုင်တယ်ဆိုတာ သိရှိလျက် လုပ်ဆောင်ခဲ့ကြောင်း ပေါ်ပေါက်ပါကတော့ အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

Sky Villa အပြင် NTL Construction Company ဆောက်လုပ်ခဲ့တဲ့ မန္တလေးမြို့ ၂၂ လမ်း၊ ၈၀ လမ်းနဲ့ ၈၁ လမ်းကြားရှိ အင်ကြင်းကွန်ဒိုလည်း အဆိုပါငလျင်အတွင်း ပြိုကျခဲ့ပြီး လူသေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

Related News

Most Read