Homeပြည်တွင်းသတင်းစစ်အာဏာရှင်အခါတော်ပေး ဦးပညာဝံသကို သတ်ဖြတ်လုယက်ခဲ့သူ ၄ ဦး ဖမ်းမိထားတယ်လို့ သတင်းထွက်ပေါ်

စစ်အာဏာရှင်အခါတော်ပေး ဦးပညာဝံသကို သတ်ဖြတ်လုယက်ခဲ့သူ ၄ ဦး ဖမ်းမိထားတယ်လို့ သတင်းထွက်ပေါ်

၁၃ ဇူလိုင် ၂၀၂၆ | New Day Myanmar

မှော်ဘီမြို့နယ် စန္ဒကူးမြိုင်သာသနာ့ရိပ်သာမှာ ဓားဒဏ်ရာတွေနဲ့ ပျံလွန်တော်မူခဲ့တဲ့ ဒေါက်တာဖေဉာဏ် (ခေါ်) ဆရာတော်ဦးပညာဝံသကို သတ်ဖြတ်လုယက်ခဲ့သူတွေထဲက ၄ ဦးကို ဖမ်းဆီးရမိထားတယ်လို့ သူနဲ့ နီးစပ်တဲ့ အသိုင်းအဝန်းမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ကနဦးသတင်းတွေအရ ဖမ်းဆီးရမိထားသူတွေထဲမှာ မှော်ဘီဘက်က ပန်းရံအလုပ်သမား ၂ ဦးနဲ့ ဧရာဝတီတိုင်းဘက်က ၂ ဦး ပါဝင်တယ်လို့ သိရပြီး၊ နောက်ထပ် ၁ ဦးကတော့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ဆေးချက်တွေအရ ကျူးလွန်သူတွေဟာ ကျောင်းတိုက်အတွင်းက သံချောင်းတွေ ခိုးယူဖို့ ဝင်ရောက်ခဲ့ချိန်မှာ ဆရာတော်တပါးတည်း တရားထိုင်နေခဲ့တာကို တွေ့ရှိပြီး လုယက်ဖို့ ကြိုးစားခဲ့တာလို့ သိရပါတယ်။

အဲဒီအချိန်မှာ ဆရာတော်က သတိပြုမိသွားတာကြောင့် ဓားနဲ့ထိုးခဲ့ပြီး၊ ဆရာတော်က “ပိုက်ဆံလိုရင် ယူသွားကြပါ၊ အသက်တော့ ချမ်းသာပေးပါ” လို့ ပြောခဲ့တာကြောင့် ထပ်မံမထိုးတော့ဘဲ ငွေကြေးတွေကိုသာ ယူဆောင်ထွက်ပြေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် နောက်ကျောကို ထိုးခဲ့တဲ့ ဓားဒဏ်ရာဟာ အသည်းအထိ စိုက်ဝင်ခဲ့တာကြောင့် ဆရာတော်ဟာ နောက်ဆုံးမှာ ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။

ဒီဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့က တရားဝင်ထုတ်ပြန်ထားတာ မရှိသေးသလို New Day Myanmar အနေနဲ့လည်း သီးခြားဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

လက်ရှိ ထွက်ပေါ်နေတဲ့ အချက်အလက်တွေဟာ ကနဦးစစ်ဆေးချက်တွေအပေါ် အခြေခံထားတာဖြစ်ပြီး သက်ဆိုင်ရာရဲ့ တရားဝင်ထုတ်ပြန်ချက်နဲ့ စုံစမ်းစစ်ဆေးမှုရလဒ်တွေအပေါ် မူတည်ကာ အပြောင်းအလဲရှိလာနိုင်ပါတယ်။

သက်တော် ၇၇ နှစ်အရွယ် ဒေါက်တာဖေဉာဏ်ဟာ လမ်းစဉ်ပါတီခေတ်၊ နဝတ၊ နအဖခေတ်ကနေ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်အထိ နိုင်ငံတော်အဆင့် အကြံပေးနဲ့ အခါတော်ပေးအဖြစ် နှစ်ပေါင်း ၂၀ ကျော် နီးနီးကပ်ကပ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

ဆရာတော်ဟာ အနောက်တိုင်းနက္ခတ္တဗေဒနဲ့ အိန္ဒိယဗေဒင်ပညာရပ်တွေကို လေ့လာကျွမ်းကျင်ခဲ့ပြီး ငယ်စဉ်က မဟာစည်ဆရာတော်ဘုရားကြီးထံမှာ ၁၂ နှစ်ကြာ တရားအားထုတ်ခဲ့ဖူးပါတယ်။

နောက်ပိုင်းမှာ လောကီအောင်မြင်မှုထက် လောကုတ္တရာတရားကို ပိုမိုအလေးထားပြီး မှော်ဘီမြို့ရှိ ဧက ၃၀ ကျော်ကျယ်ဝန်းတဲ့ စန္ဒကူးမြိုင်သာသနာ့ရိပ်သာမှာ ရဟန်းဝတ်နဲ့ တောရဆောက်တည် သီတင်းသုံးခဲ့သူ ဖြစ်ပါတယ်။

ဆရာတော်ဟာ နိုင်ငံတော်အဆင့်အကြံပေးအဖြစ် အစိုးရအကြီးအကဲတွေနဲ့ တိုက်ရိုက်တွေ့ဆုံ အကြံပေးခွင့်ရှိခဲ့ပြီး နဝတ၊ နအဖ စစ်အစိုးရခေတ်ကနေ လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက်အထိ ဗေဒင်နဲ့ ယတြာဆိုင်ရာ အကြံပေးမှုတွေ ပြုလုပ်ခဲ့သူလို့ သိရပါတယ်။

Related News

Most Read