Homeပြည်တွင်းသတင်းချောင်းသာ-ပုသိမ်လမ်း ရေ ၄ ပေကျော်ကျော်နေ၊ ဖြတ်သန်းသွားလာသူများ အထူးသတိထားရန် သတိပေး

ချောင်းသာ-ပုသိမ်လမ်း ရေ ၄ ပေကျော်ကျော်နေ၊ ဖြတ်သန်းသွားလာသူများ အထူးသတိထားရန် သတိပေး

၁၃ ဇူလိုင် ၂၀၂၆ | New Day Myanmar

မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဧရာဝတီတိုင်း၊ ချောင်းသာ-ပုသိမ် ကားလမ်းမကြီးမှာ ဒီကနေ့ ဇူလိုင် ၁၃ ရက် ညနေပိုင်းက တောင်ကျရေတွေ လမ်းပေါ်အထိ စီးဆင်းလာပြီး ရေ ၄ ပေကျော်အထိ ကျော်လွှမ်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေကျော်နေတဲ့ နေရာဟာ ချောင်းသာမြို့၊ ကံကြီးကျေးရွာအုပ်စု၊ ခြောက်ကောင်ကျေးရွာအနီး ပုသိမ်-ချောင်းသာလမ်းပိုင်း မိုင်တိုင်အမှတ် ၂၅ မိုင် ၄ ဖာလုံကနေ ၂၆ မိုင်အထိ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အဲဒီလမ်းပိုင်းကို ဖြတ်သန်းမယ့် ကားနဲ့ ဆိုင်ကယ်မောင်းနှင်သူတွေအနေနဲ့ ရေစီးအခြေအနေကို သေချာစောင့်ကြည့်ပြီး အထူးသတိထား မောင်းနှင်ကြဖို့ သတိပေးထားပါတယ်။

ရေစီးသန်တဲ့နေရာတွေကို အလျင်စလို ဖြတ်သန်းတာမျိုး မလုပ်ဘဲ လိုအပ်ရင် ခေတ္တစောင့်ဆိုင်းတာ ဒါမှမဟုတ် လမ်းကြောင်းပြောင်း သွားလာတာတွေ ပြုလုပ်ဖို့နဲ့ မိုးလေဝသအခြေအနေကိုလည်း ဆက်လက်စောင့်ကြည့်ဖို့ တိုက်တွန်းထားပါတယ်။

ဒီကနေ့ ဇူလိုင် ၁၃ ရက် မနက်ပိုင်းမှာလည်း ဧရာဝတီတိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြစ်ရေနဲ့ ချောင်းရေတွေ တဖြည်းဖြည်း မြင့်တက်လာပြီး ရေကြီးနိုင်တဲ့ အခြေအနေကို ရောက်ရှိနေတယ်လို့ သက်ဆိုင်ရာက အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ အိမ်နီးချင်း တရုတ်နိုင်ငံမှာလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး ဒေသတွင်း မိုးအခြေအနေ ဆက်လက်ဆိုးရွားနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ သတိထား စောင့်ကြည့်နေဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

Related News

Most Read