Homeပြည်တွင်းသတင်းမြန်မာနိုင်ငံမှာ ကတ်သလစ် သာသနာပိုင်နယ်မြေ ၅ ခုက ဘုန်းတော်ကြီးတွေနေရပ်စွန့်ခွာထားရပြီး စစ်ဘေးရှောင် ၄၀,၀၀၀ ကျော်ကို စောင့်ရှောက်နေရ

မြန်မာနိုင်ငံမှာ ကတ်သလစ် သာသနာပိုင်နယ်မြေ ၅ ခုက ဘုန်းတော်ကြီးတွေနေရပ်စွန့်ခွာထားရပြီး စစ်ဘေးရှောင် ၄၀,၀၀၀ ကျော်ကို စောင့်ရှောက်နေရ

၁၀ ဇွန် ၂၀၂၆ | New Day Myanmar

ဗာတီကန်ကို သွားရောက်ပြီး ပုပ်ရဟန်းမင်းကြီး လီယို (၁၄) နှင့် တွေ့ဆုံခဲ့တဲ့ ပင်လောင်းသာသနာပိုင် ဆရာတော် ဖိလစ်ဘထူးက မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း ပိုမိုဆိုးရွားလာနေပြီး ကက်သလစ် သာသနာပိုင်နယ်မြေ ၁၇ ခုအနက် ၅ ခုက ဘုန်းတော်ကြီးတွေဟာ သာသနာပိုင်နယ်မြေတွေကို စွန့်ခွာထားရတယ်လို့ ပြောကြားလိုက်ပါတယ်။

ဆရာတော် ဖိလစ်ဘထူးဟာ ဘုန်းတော်ကြီးများရဲ့ Ad Limina Apostolorum ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီး လီယို (၁၄) နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေကို တင်ပြဆွေးနွေးခဲ့တာဖြစ်ကြောင်း ဗာတီကန်ရဲ့ သာသနာပြုသတင်းဌာန Fides က ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေ ပြင်းထန်လာတာကြောင့် ပင်လောင်း၊ လွိုင်ကော်၊ ဗန်းမော်၊ မင်းတပ်နဲ့ လားရှိုး ကတ်သလစ် သာသနာပိုင်နယ်မြေများမှ ဘုန်းတော်ကြီးတွေဟာ သူတို့ရဲ့ ဘုရားကျောင်းတော်များကို စွန့်ခွာခဲ့ရပြီး တိုက်ပွဲဖြစ်ပွားရာဒေသတွေနဲ့ ဝေးကွာတဲ့ ပိုမိုလုံခြုံတဲ့ နေရာတွေရှိ ဘုရားကျောင်းများမှာ နေထိုင်နေရတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ ဘုန်းတော်ကြီးတွေကိုယ်တိုင်လည်း ဒီအခြေအနေကနေ မလွတ်ကင်းခဲ့ပါဘူး။ ဘုရားကျောင်းတွေ အများအပြားဟာ ပျက်စီးခံရတာ၊ တိုက်ခိုက်ခံရတာ ဒါမှမဟုတ် ဘုရားဖူးယုံကြည်သူတွေ မရှိတော့တာကြောင့် ပိတ်ထားရပါတယ်” လို့ ဆရာတော် ဖိလစ်ဘထူးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် လူသန်းပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေရသလို အစားအသောက်၊ သောက်သုံးရေ၊ ဆေးဝါးနဲ့ အခြေခံလူမှုဝန်ဆောင်မှုတွေ လိုအပ်နေကြောင်းလည်း သူက ထောက်ပြပါတယ်။

ပင်လောင်းသာသနာပိုင်နယ်မြေဟာ ရှမ်းပြည်နယ်တောင်ပိုင်းမှာ တည်ရှိပြီး လက်ရှိပဋိပက္ခရဲ့ အရှေ့တောင်ပိုင်း စစ်မျက်နှာတစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ ဒေသဖြစ်ပါတယ်။ အဆိုပါဒေသမှာ စစ်တပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး ဒေသခံထောင်ပေါင်းများစွာ နေရပ်စွန့်ခွာနေရပါတယ်။

ဆရာတော် ဖိလစ်ဘထူးက ၎င်းရဲ့ သာသနာပိုင်နယ်မြေအတွင်း ဘာသာပေါင်းစုံက စစ်ဘေးရှောင်အသစ် ၄၀,၀၀၀ ခန့် ရောက်ရှိလာတာကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အများအပြားလိုအပ်တဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

အဆိုပါ စစ်ဘေးရှောင်အများစုဟာ သာသနာပိုင်နယ်မြေ အနောက်ပိုင်းဒေသတွေက ဖြစ်ပြီး ရေရှားပါးမှု၊ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ အခြေခံဝန်ဆောင်မှု လိုအပ်ချက်တွေကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

“စစ်ပွဲအစပိုင်းမှာတော့ ဒေသခံတွေက သူတို့ရဲ့ အရင်းအမြစ်တွေကို မျှဝေပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သူတို့ကိုယ်တိုင် မိသားစုတွေကို ထောက်ပံ့ဖို့ လိုအပ်လာပြီး မျှဝေပေးနိုင်တဲ့ အရင်းအမြစ်တွေ မကျန်တော့ပါဘူး။ လူသားချင်းစာနာထောက်ထားမှု အခြေအနေက ပိုဆိုးလာပါတယ်” လို့ သူက ပြောပါတယ်။

လက်ရှိပဋိပက္ခတွေကြောင့် ပင်လောင်းသာသနာပိုင်နယ်မြေအတွင်းရှိ ဘုရားကျောင်း ၁၆ ခုအနက် ၇ ခုကို ပိတ်ထားရပြီး ကတ်သလစ် သာသနာဝင် ၆၀,၀၀၀ ခန့်ဟာလည်း ကျေးလက်ဒေသတွေ၊ စစ်ဘေးရှောင်စခန်းတွေနဲ့ ပိုမိုလုံခြုံတဲ့ နေရာတွေကို နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

ထို့အပြင် ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေနဲ့ သာသနာ့ဝန်ထမ်းတွေဟာ တောတွင်းတွေ၊ စစ်ဘေးရှောင်စခန်းတွေနဲ့ အကြမ်းဖက်မှုနည်းပါးတဲ့ ကျေးရွာတွေကို သွားရောက်ကာ စစ်ဘေးရှောင်ပြည်သူတွေနဲ့ တွေ့ဆုံအားပေးနေကြကြောင်း ဆရာတော် ဖိလစ်ဘထူးက ပြောပါတယ်။

“သူတို့နဲ့ တွေ့ဆုံဖို့၊ အားပေးဖို့နဲ့ မျှော်လင့်ချက်စကား ပြောပေးဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ လူတွေဟာ ငါးနှစ်ကြာမြင့်လာတဲ့ ပဋိပက္ခကြောင့် ပင်ပန်းနွမ်းနယ်နေပြီး စိတ်ဒဏ်ရာတွေ ခံစားနေရပါတယ်။ ဒီလို စမ်းသပ်မှုတွေနဲ့ ဒုက္ခတွေကြားမှာပဲ ကျွန်တော်တို့ မျှော်လင့်ချက်ခရီးကို ဆက်လက်လျှောက်လှမ်းနေပါတယ်” လို့ သူက ပြောပါတယ်။

လူ့အခွင့်အရေးအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ အရပ်သားတွေနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ ထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး လူသန်းပေါင်းများစွာ နေရပ်စွန့်ခွာခဲ့ရကာ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းက ဆက်လက်နက်ရှိုင်းလာနေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး