Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ငလျင်ဘေးအကူအညီ ပြည်သူတွေမရ

စစ်ကောင်စီရဲ့ငလျင်ဘေးအကူအညီ ပြည်သူတွေမရ

၂၇ ဧပြီ၊ ၂၀၂၅

ငလျင်ဘေးသင့်ဒေသတွေကို ပြန်လည်ထူထောင်ရေးလုပ်ဖို့ ဘတ်ဂျက်ငွေတွေချထားပေမယ့် ပြည်သူတွေလက်ထဲအမှန်တကယ်မရောက်ရှိဘူးလို့ ငလျင်ဒဏ်သင့်ပြည်သူတွေက New Day Myanmar ကိုပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က Early Rescue အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေကနေတစ်ဆင့် စစ်ကိုင်းတိုင်းဒေသကြီးအတွက် ငွေကျပ် ၅၀ ဘီလီယံ၊ မန္တလေးတိုင်းဒေသကြီးအတွက် ငွေကျပ် ၆၀ ဘီလီယံ လက်ဝယ်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ နေပြည်တော်ကောင်စီနယ်မြေအတွက် ကျပ် ၁၀ ဘီလီယံနဲ့ ရှမ်းပြည်နယ်အတွက် ငါးဘီလီယံကိုလည်း ထပ်မံပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါ ထောက်ပံ့မှုတွေဟာ အမှန်တကယ်ပြည်သူလက်ထဲကိုမရောက်ရှိဘူးလို့ဆိုပါတယ်။

“ထောက်ပံ့ငွေကလုံးဝမရဘူး။ ပေးလည်းမပေးဘူး။ ပရဟိတလာလှူတဲ့ သူတွေကပဲ တစ်အိမ်ထောင်ကို ၃၀၀၀၀ ပေးတယ်။ အစိုးရကထောက်ပံ့တာလုံးဝမရဘူး” လို့မန္တလေးက ငလျင်ဒဏ်သင့်တစ်ဦးက New Day Myanmar ကိုပြောပါတယ်။

ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေက လှူဒါန်းငွေဟာ ဧပြီ ၂၄ ရက်အထိ ကျပ် ၁၁၅ ဒသမ ၈၇၆ ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၃၇ သန်းကျော်၊ ကိုရီးယားဝမ် ငါးသန်း၊ အိန္ဒိယရူပီး ၁၅ သန်း၊ ထိုင်းဘတ် နှစ်သန်းနဲ့ စင်ကာပူဒေါ်လာ ၃၁၅၀ တို့ကိုလက်ခံရရှိထားတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်းနဲ့ နေပြည်တော်ကလည်း ထောက်ပံ့ကြေးတွေ လုံလုံလောက်လောက်မရဘူးလို့ ဆိုပါတယ်။

“ကိုယ်တွေက ဝန်ထမ်းလေ။သူတို့ ထောက်ပံ့မှရမှာပေါ့။ ထောက်ပံ့တော့လည်း ဝန်ထမ်းမိသားစုတစ်စုကို တစ်သောင်း ကြက်ဥ သုံးလုံး ဆန်လေးနှစ်ဘူး။ ဒါပဲထောက်ပံ့တယ်။ ပြီးတော့ ကိုယ်တွေက နေစရာမရှိ‌လို့ ဘုရားရင်ပြင်မှာလာနေရတာ။ ဒါတောင်ရုံးတတ်ဖို့ ပြောသေးတယ်။ ရုံးတတ်ဖို့အဆင်မပြေရင် လမ်းဘေးကနေအလုပ်လုပ်ဆိုပြီးပြောတယ်။ ထောက်ပံ့ကြေးမရတဲ့အပြင် အလုပ်ကိုပိုလုပ်နေရတယ်” လို့ နေပြည်တော်မှာတာဝန်ကျနေတဲ့ ငလျင်ဒဏ်သင့်ဝန်ထမ်းတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

Related News

Most Read