စက်တင်ဘာ ၂၊ ၂၀၂၆ | New Day Myanmar
အမေရိကန်နိုင်ငံ New York မြို့မှာ တေးသံရှင် R ဇာနည်နဲ့ ဖြူဖြူကျော်သိန်းတို့ ပူးတွဲဖျော်ဖြေဖို့ စီစဉ်ထားတဲ့ “Rock & Pop – First Duet Concert” မှာ ဖြူဖြူကျော်သိန်း ပါဝင်ဖျော်ဖြေနိုင်တော့မှာ မဟုတ်ကြောင်း ပွဲစီစဉ်သူ NYCBC က အသိပေးထုတ်ပြန်ပါတယ်။ အမေရိကန်ဗီဇာ လတ်တလော ထုတ်ပေးနိုင်တာ မရှိသေးတဲ့အတွက် အခုလို အစီအစဉ်ပြောင်းလဲရတာလို့ ဆိုပါတယ်။
NYCBC အဆိုအရ R ဇာနည်နဲ့ ဖြူဖြူကျော်သိန်းတို့ ပူးတွဲဖျော်ဖြေမယ့်ပွဲကို ၂၀၂၆ ခုနှစ် နှစ်ဦးပိုင်းကတည်းက စီစဉ်ခဲ့တာဖြစ်ပြီး ပြင်သစ်နိုင်ငံက ထုတ်ပေးထားတဲ့ Travel Document ကိုင်ဆောင်ထားတဲ့ ဖြူဖြူကျော်သိန်းအတွက် O-1B အမျိုးအစား အမေရိကန်ဗီဇာ ရရှိရေး ကြိုတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
O-1B ဟာ အနုပညာကဏ္ဍမှာ ထူးခြားတဲ့ စွမ်းဆောင်ရည်ရှိသူတွေ အမေရိကန်နိုင်ငံကို ယာယီလာရောက်အလုပ်လုပ်ဖို့ သတ်မှတ်ထားတဲ့ Non-Immigrant Visa အမျိုးအစားဖြစ်ပါတယ်။
NYCBC က New York အခြေစိုက် ဥပဒေလုပ်ငန်းတခုရဲ့ အကူအညီနဲ့ Form I-129 ကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာန USCIS ထံ Premium Processing နဲ့ တင်သွင်းခဲ့ပြီး နောက်ပိုင်းမှာ Form I-797 Approval Notice ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် USCIS က အလုပ်လုပ်ခွင့်ဆိုင်ရာ petition ကို အတည်ပြုပေးတာဟာ အမေရိကန်သံရုံးက ဗီဇာထုတ်ပေးမယ်ဆိုတဲ့ အာမခံချက် မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်တွေအရ petition အတည်ပြုခံရပြီးနောက် ဗီဇာထုတ်ပေးရေးကို သက်ဆိုင်ရာ အမေရိကန်သံရုံး ဒါမှမဟုတ် ကောင်စစ်ဝန်ရုံးက ထပ်မံစိစစ်ဆုံးဖြတ်တာ ဖြစ်ပါတယ်။
USCIS ခွင့်ပြုချက်ရပြီးနောက် ဖြူဖြူကျော်သိန်းဟာ ပါရီမြို့ရှိ အမေရိကန်သံရုံးမှာ ဗီဇာအင်တာဗျူး ဆက်လက်ပြုလုပ်ခဲ့ပေမယ့် လက်ရှိ အမေရိကန်ဗီဇာစိစစ်ရေးနဲ့ မူဝါဒအခြေအနေတွေကြောင့် ဗီဇာထုတ်ပေးနိုင်တာ မရှိသေးကြောင်း သံရုံးဘက်က အသိပေးခဲ့တယ်လို့ NYCBC က ဆိုပါတယ်။
ဖြူဖြူကျော်သိန်းဟာ လက်ရှိ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ မဟုတ်ပေမယ့် မြန်မာနိုင်ငံမှာ မွေးဖွားခဲ့ပြီး မြန်မာနိုင်ငံသား ဖြစ်ခဲ့ဖူးတာကို သံရုံးဘက်က အကြောင်းပြချက်အဖြစ် ပြောဆိုခဲ့တယ်လို့ NYCBC က ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် အဲဒီအကြောင်းပြချက်ကို New Day Myanmar အနေနဲ့ ပါရီရှိ အမေရိကန်သံရုံး ဒါမှမဟုတ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဆီက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
အမေရိကန်ရဲ့ လက်ရှိ ဗီဇာဆိုင်ရာ ကန့်သတ်ချက်တွေမှာ မြန်မာနိုင်ငံသားတွေအပေါ် ဗီဇာထုတ်ပေးရေး ကန့်သတ်ထားတာတွေ ရှိပေမယ့် ဖြူဖြူကျော်သိန်းရဲ့ လက်ရှိ နိုင်ငံသားအဆင့်အတန်း၊ ကိုင်ဆောင်ထားတဲ့ Travel Document နဲ့ သူ့ရဲ့ ဗီဇာအမှုတွဲအပေါ် သံရုံးက ဘယ်ဥပဒေ၊ မူဝါဒကို အခြေခံပြီး ဆုံးဖြတ်ထားတယ်ဆိုတာ လူသိရှင်ကြား အတည်ပြုထားတာ မရှိသေးပါဘူး။
NYCBC ကတော့ ဩဂုတ် ၆ ရက်မှာ ပွဲကြော်ငြာ စတင်ခဲ့ပြီး ဩဂုတ် ၉ ရက် ညနေပိုင်းကစလို့ ကြိုတင်လက်မှတ်တွေ စတင်ရောင်းချခဲ့ရာ ထုတ်ပြန်ချက်အရ လက်ရှိအချိန်အထိ လက်မှတ် ၉၄ ရာခိုင်နှုန်းကျော် ရောင်းချပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဖြူဖြူကျော်သိန်း မပါဝင်နိုင်တော့ပေမယ့် “Rock & Pop – First Duet Concert” ကို R ဇာနည်နဲ့အတူ ပရိသတ်တွေ စိတ်ဝင်စားပျော်ရွှင်နိုင်မယ့် အစီအစဉ်တွေ ထပ်မံဖြည့်စွက်ပြီး ဆက်လက်ကျင်းပသွားမယ်လို့ NYCBC က ဆိုပါတယ်။
ဖြူဖြူကျော်သိန်း မပါဝင်နိုင်တာကြောင့် ပွဲဆက်မကြည့်လိုတဲ့ လက်မှတ်ဝယ်ယူထားသူတွေကိုလည်း ပေးချေထားတဲ့ လက်မှတ်တန်ဖိုးအတိုင်း ပြန်အမ်းပေးဖို့ စီစဉ်ထားပြီး မိမိဝယ်ယူခဲ့တဲ့ Ticket Agent ဒါမှမဟုတ် NYCBC ကို ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

