Homeအထူးသတင်းထိုင်းမှာ မူလနိုင်ငံပြန်ပို့ခံရရင် နှိပ်စက်ခံရနိုင်သူတွေကို တတိယနိုင်ငံပို့နိုင်မယ့် ပြည်နှင်ဒဏ်စည်းမျဉ်းသစ် စတင်

ထိုင်းမှာ မူလနိုင်ငံပြန်ပို့ခံရရင် နှိပ်စက်ခံရနိုင်သူတွေကို တတိယနိုင်ငံပို့နိုင်မယ့် ပြည်နှင်ဒဏ်စည်းမျဉ်းသစ် စတင်

ဩဂုတ် ၂၈၊ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံမှာ ဥပဒေချိုးဖောက်မှုကြောင့် ပြည်နှင်ဒဏ်ပေးခံရမယ့် နိုင်ငံခြားသားတွေထဲ မူလနိုင်ငံကို ပြန်ပို့လိုက်ရင် နှိပ်စက်ညှဉ်းပန်းခံရတာ၊ လူမဆန်စွာ ဆက်ဆံခံရတာ ဒါမှမဟုတ် အတင်းအကျပ်ပျောက်ဆုံးစေခံရနိုင်တဲ့ အန္တရာယ်ရှိသူတွေကို တတိယနိုင်ငံပို့ဆောင်နိုင်မယ့် စည်းမျဉ်းသစ် ဩဂုတ် ၂၈ ရက်က စတင်အသက်ဝင်လာပါတယ်။

“၂၀၂၆ ခုနှစ် ပြည်နှင်ဒဏ်ဆိုင်ရာ ဝန်ကြီးချုပ်ရုံးစည်းမျဉ်း” ကို ဝန်ကြီးချုပ် အနုတင် ချန်ဝီရကူလ်က ဩဂုတ် ၂၆ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပြီး ဩဂုတ် ၂၇ ရက်မှာ ထိုင်းတော်ဝင်ပြန်တမ်းက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ စည်းမျဉ်းသစ်ဟာ ဥပဒေချိုးဖောက်တဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးတဲ့ လုပ်ငန်းစဉ် ပိုမြန်ဆန်စေဖို့ ရည်ရွယ်ထားတာလို့ ထိုင်းအစိုးရက ဆိုပါတယ်။

ပုံမှန်အားဖြင့် ပြည်နှင်ဒဏ်ပေးခံရသူကို သူ့ရဲ့ နိုင်ငံသားဖြစ်တဲ့ မူလနိုင်ငံကို ပြန်ပို့မှာဖြစ်ပြီး နိုင်ငံသားအဖြစ် အတည်မပြုနိုင်သူဆိုရင် ထိုင်းနိုင်ငံကို မဝင်ရောက်ခင် နောက်ဆုံးနေထိုင်ခဲ့တဲ့ နိုင်ငံကို ပြန်ပို့နိုင်တယ်လို့ စည်းမျဉ်းမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် ပြန်ပို့ခံရမယ့်သူဟာ မူလနိုင်ငံမှာ နှိပ်စက်ညှဉ်းပန်းခံရနိုင်တာ၊ ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်စွာ ဆက်ဆံခံရနိုင်တာ၊ လူ့ဂုဏ်သိက္ခာ ထိခိုက်စေမယ့် ဆက်ဆံမှုခံရနိုင်တာ ဒါမှမဟုတ် အတင်းအကျပ် ပျောက်ဆုံးစေခံရနိုင်တဲ့ အန္တရာယ်ရှိတယ် ဆိုရင် တခြားနိုင်ငံ ဒါမှမဟုတ် နိုင်ငံတကာအဖွဲ့အစည်းတခုက သံတမန်လမ်းကြောင်းကနေ တတိယနိုင်ငံပို့ဆောင်ပေးဖို့ တောင်းဆိုနိုင်ပါတယ်။

ဒါပေမယ့် တတိယနိုင်ငံပို့ခွင့်ဟာ အလိုအလျောက်ရရှိမယ့် အခွင့်အရေး မဟုတ်ပါဘူး။ သက်ဆိုင်ရာနိုင်ငံ ဒါမှမဟုတ် နိုင်ငံတကာအဖွဲ့အစည်းက ပြည်နှင်ဒဏ်အမိန့်ချပြီး ၇ ရက်အတွင်း တရားဝင်တောင်းဆိုရမှာဖြစ်သလို ပို့ဆောင်ခံရသူကိုယ်တိုင်ကလည်း စာဖြင့် သဘောတူရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ကို လက်ခံမယ့်နိုင်ငံ ဒါမှမဟုတ် တောင်းဆိုတဲ့အဖွဲ့က စောင့်ရှောက်မှုနဲ့ ပို့ဆောင်ရေးကုန်ကျစရိတ်အားလုံးကို တာဝန်ယူရမှာ ဖြစ်ပါတယ်။

တတိယနိုင်ငံပို့ဆောင်မှုကို တောင်းဆိုချက်ရရှိပြီး ရက် ၃၀ အတွင်း ဆောင်ရွက်ရမှာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးက လိုအပ်ရင် ရက် ၃၀ စီ နှစ်ကြိမ်အထိ သက်တမ်းတိုးပေးနိုင်ပါတယ်။ သတ်မှတ်ကာလအတွင်း တတိယနိုင်ငံကို မပို့နိုင်ရင်တော့ ပုံမှန်ပြည်နှင်ဒဏ်လုပ်ငန်းစဉ်အတိုင်း မူလနိုင်ငံ ဒါမှမဟုတ် သတ်မှတ်ထားတဲ့နိုင်ငံကို ပြန်ပို့ဖို့ ဆက်လုပ်နိုင်ပါတယ်။

စည်းမျဉ်းသစ်အရ ထောင်ဒဏ်ကျခံပြီး ပြန်လွတ်တော့မယ့် နိုင်ငံခြားသားတွေအတွက် အကျဉ်းဦးစီးဌာနက လွတ်ရက်မတိုင်ခင် အနည်းဆုံး ၁၅ ရက် ကြိုတင်ပြီး အမည်၊ နိုင်ငံသားဖြစ်မှုနဲ့ အမှုမှတ်တမ်းတွေကို ပြည်ထဲရေးဝန်ကြီးဌာနဆီ ပေးပို့ရမှာဖြစ်ပါတယ်။ ဒါက လွတ်မြောက်ပြီးမှ ပြည်နှင်ဒဏ်အမိန့် ဆောင်ရွက်ရတာမျိုး မဖြစ်စေဘဲ လုပ်ငန်းစဉ်ကို မြန်ဆန်အောင် လုပ်ထားတာ ဖြစ်ပါတယ်။

ဒီစည်းမျဉ်းဟာ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံကို ပြန်ပို့ခံရမယ့်သူတွေ၊ အထူးသဖြင့် ပြန်ပို့ခံရရင် နှိပ်စက်ညှဉ်းပန်းမှု၊ အတင်းအကျပ်ပျောက်ဆုံးမှု ဒါမှမဟုတ် တခြားပြင်းထန်တဲ့အန္တရာယ်တွေ ရင်ဆိုင်ရနိုင်သူတွေအတွက် အရေးပါတဲ့ လမ်းကြောင်းတခု ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် တတိယနိုင်ငံက လက်ခံပေးဖို့ ဒါမှမဟုတ် နိုင်ငံတကာအဖွဲ့အစည်းက ကြားဝင်တောင်းဆိုပေးဖို့ လိုအပ်တာကြောင့် လူတိုင်းကို တတိယနိုင်ငံပို့ပေးမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။

လူ့အခွင့်အရေးအဖွဲ့ Fortify Rights ကတော့ စည်းမျဉ်းမူကြမ်း ထွက်လာချိန်ကတည်းက ပြန်ပို့ခံရရင် နှိပ်စက်မှုနဲ့ ဖိနှိပ်မှုကြုံနိုင်သူကို အတင်းအကျပ်မပြန်ပို့ရဆိုတဲ့ မူကို လုံလောက်စွာ အာမခံမထားနိုင်ဘူး လို့ ဝေဖန်ထားပါတယ်။ အထူးသဖြင့် တတိယနိုင်ငံပို့ဆောင်မှု မပြီးမြောက်နိုင်ရင် မူလနိုင်ငံပြန်ပို့မှုကို ဆက်လုပ်နိုင်တဲ့အချက်ကြောင့် ဒုက္ခသည်တွေနဲ့ နိုင်ငံရေးအရ အန္တရာယ်ရှိသူတွေအတွက် စိုးရိမ်စရာ ရှိနေတယ်လို့ ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ ပြည်နှင်ဒဏ်ချမှတ်ရာမှာ ထိုင်းဥပဒေ၊ အစိုးရဆုံးဖြတ်ချက်တွေနဲ့ ထိုင်းနိုင်ငံက လိုက်နာရမယ့် နိုင်ငံတကာတာဝန်တွေကိုပါ ထည့်သွင်းစဉ်းစားရမယ်လို့ စည်းမျဉ်းသစ်မှာ သတ်မှတ်ထားပါတယ်။

Related News

Most Read