ဩဂုတ် ၁၃၊ ၂၀၂၆ | New Day Myanmar
တရုတ်နိုင်ငံက ကမ္ဘာ့မြေရှားသတ္တု ထုတ်လုပ်၊ သန့်စင်နဲ့ သံလိုက်ထုတ်လုပ်ရေးကွင်းဆက်ကို အဓိကထိန်းချုပ်ထားချိန်မှာ အိန္ဒိယက မဟာဗျူဟာမြောက် သတ္တုအရင်းအမြစ်တွေကို တရုတ်တစ်နိုင်ငံတည်းအပေါ် မှီခိုနေရတာ လျှော့ချဖို့ မြန်မာနိုင်ငံက မြေရှားသတ္တုတွေကို ရေရှည်အစားထိုးရင်းမြစ်တစ်ခုအဖြစ် အာရုံစိုက်လာတယ်လို့ bne IntelliNews က ဖော်ပြပါတယ်။
အိန္ဒိယနဲ့ မြန်မာဘက်က သတ္တုတူးဖော်ရေး၊ ကုန်သွယ်ရေးနဲ့ မြေရှားသတ္တုကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့ပူးပေါင်းဖို့ ဆွေးနွေးနေပြီး၊ မင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ တို့ ဇွန် ၁ ရက် နယူးဒေလီမှာ တွေ့ဆုံချိန်ကလည်း ဒီအကြောင်းကို အဆင့်မြင့်ဆွေးနွေးခဲ့တယ်လို့ S&P Global အချက်အလက်ကို ကိုးကားပြီး IntelliNews က ဖော်ပြပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ မြေရှားသတ္တု တင်ပို့ရောင်းချရေး သဘောတူစာချုပ်တစ်ရပ်တော့ လက်မှတ်မထိုးနိုင်သေးပါဘူး။
မြန်မာနိုင်ငံဟာ အထူးသဖြင့် ဒစ်စပရိုစီယမ် (Dysprosium) နဲ့ တာဘီယမ် (Terbium) လို အလေးစားမြေရှားသတ္တုတွေ အများအပြား ထုတ်လုပ်တဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ ဒီသတ္တုတွေဟာ အပူချိန်မြင့်ချိန်မှာတောင် စွမ်းဆောင်ရည်ကောင်းတဲ့ အမြဲတမ်းသံလိုက်တွေ ထုတ်လုပ်ရာမှာ အရေးကြီးပြီး လျှပ်စစ်ကားမော်တာ၊ လေစွမ်းအင်တာဘိုင်၊ စက်မှုအလိုအလျောက်စနစ်၊ လေကြောင်းနဲ့ ကာကွယ်ရေးနည်းပညာတွေမှာ အသုံးများပါတယ်။
မြန်မာနိုင်ငံက အလေးစားမြေရှားသတ္တုအများစုကို ကချင်ပြည်နယ်၊ ချီဖွေနဲ့ ပန်ဝါဒေသအနီး ကနေ ထုတ်ယူနေတာဖြစ်ပြီး အရင်က အဓိကအားဖြင့် တရုတ်နိုင်ငံကို ပို့ဆောင်ပြီး သန့်စင်၊ သံလိုက်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Reuters ရဲ့ အချက်အလက်အရ ကမ္ဘာ့အလေးစားမြေရှားသတ္တု ထုတ်လုပ်မှုရဲ့ ထက်ဝက်နီးပါးဟာ မြန်မာနိုင်ငံက ထွက်ရှိတာ ဖြစ်ပါတယ်။
ဒါပေမယ့် ကချင်ပြည်နယ်က မြေရှားသတ္တုထွက်ရှိရာ အဓိကဒေသတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိန်းချုပ်ထားတာကြောင့် အိန္ဒိယအနေနဲ့ နေပြည်တော်ဘက်နဲ့ သဘောတူညီချက်တစ်ခု ရရှိရုံနဲ့ သတ္တုတူးဖော်ရာဒေသတွေဆီ တိုက်ရိုက်ဝင်ရောက်နိုင်မယ့် အခြေအနေ မရှိသေးပါဘူး။ တရုတ်ဘက်ကတော့ ကချင်ဒေသက မြေရှားသတ္တု ထောက်ပံ့မှု ဆက်ရှိနိုင်ဖို့ KIA နဲ့ ဆွေးနွေးခဲ့တယ်လို့ IntelliNews က ဖော်ပြပါတယ်။
Reuters ကလည်း အိန္ဒိယအစိုးရပိုင် သတ္တုကုမ္ပဏီ IREL နဲ့ ပုဂ္ဂလိကကုမ္ပဏီ Midwest Advanced Materials တို့ဟာ KIA ထိန်းချုပ်ရာ ဒေသက မြေရှားသတ္တုနမူနာတွေ ရယူပြီး အိန္ဒိယကို ပို့ဆောင်စမ်းသပ်နိုင်ရေး ဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့တယ်လို့ အရင်က ဖော်ပြထားပါတယ်။
အိန္ဒိယက မြန်မာ့မြေရှားသတ္တုအပေါ် အာရုံစိုက်လာတာဟာ တရုတ်ရဲ့ ကမ္ဘာ့မြေရှားသတ္တုကဏ္ဍပေါ် အလွန်အမင်း အာဏာရှိနေမှုနဲ့လည်း ဆက်စပ်ပါတယ်။ နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) ရဲ့ အချက်အလက်အရ ၂၀၂၄ ခုနှစ်မှာ တရုတ်နိုင်ငံက ကမ္ဘာ့မြေရှားသတ္တု သန့်စင်ထုတ်လုပ်မှုရဲ့ ၉၁ ရာခိုင်နှုန်းနဲ့ သံလိုက်ထုတ်လုပ်မှုရဲ့ ၉၄ ရာခိုင်နှုန်း ကို ထိန်းချုပ်ထားပါတယ်။
တရုတ်က မြေရှားသတ္တုနဲ့ ဆက်စပ်နည်းပညာတချို့အပေါ် တင်ပို့မှုကန့်သတ်ချက်တွေ တိုးမြှင့်လာပြီးနောက် အိန္ဒိယ၊ အမေရိကန်၊ ဂျပန်နဲ့ တခြားနိုင်ငံတွေက တရုတ်အပေါ် မှီခိုမှု လျှော့ချနိုင်မယ့် အစားထိုးထောက်ပံ့ရေးကွင်းဆက်တွေ ရှာဖွေနေကြပါတယ်။ အဲဒီအခြေအနေကြောင့် မြန်မာ့မြေရှားသတ္တုဟာ အိန္ဒိယအတွက် မဟာဗျူဟာမြောက် အရန်ရင်းမြစ်တစ်ခု ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။
အိန္ဒိယကလည်း မြန်မာနိုင်ငံနဲ့ မြေရှားသတ္တု ပူးပေါင်းမှုကို ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း တိုးမြှင့်လာပါတယ်။ အိန္ဒိယသံအမတ် အဘေး သာကူရ် က မန္တလေးမှာ ဇူလိုင် ၂၂ ရက် ကျင်းပခဲ့တဲ့ သတ္တုဖိုရမ်မှာ အိန္ဒိယက မြေရှားနဲ့ အရေးကြီးသတ္တုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တွေဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာနဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ မှာ မြန်မာနိုင်ငံကို လာရောက်ခဲ့တယ်လို့ ပြောထားပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံက မြေရှားသတ္တုကို အိန္ဒိယအတွက် ချက်ချင်းအသုံးချနိုင်မယ့် အစားထိုးရင်းမြစ်တစ်ခု ဖြစ်လာဖို့တော့ အခက်အခဲတွေ ရှိနေပါတယ်။ မြန်မာ-အိန္ဒိယနယ်စပ်ဟာ မိုင် ၁,၀၀၀ ခန့် ရှည်လျားပေမယ့် ကချင်ပြည်နယ်က မြေရှားသတ္တုဒေသတွေနဲ့ အိန္ဒိယဘက်ကို တိုက်ရိုက်ချိတ်ဆက်ထားတဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း မရှိသလို တောင်တန်းထူထပ်တဲ့ ပထဝီအနေအထားကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲ ကြီးမားပါတယ်။
ဒါ့အပြင် အိန္ဒိယကိုယ်တိုင်လည်း မြေရှားသတ္တုသန့်စင်ပြီး အဆင့်မြင့်သံလိုက်ထုတ်လုပ်နိုင်တဲ့ စက်မှုစွမ်းရည် အပြည့်အဝ မရှိသေးပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံကနေ သတ္တုရရှိလာရင်တောင် တရုတ်ကို ချက်ချင်းအစားထိုးနိုင်မယ့် အခြေအနေ မရှိသေးဘဲ ရေရှည်မဟာဗျူဟာတစ်ခုအဖြစ်ပဲ အဓိကတန်ဖိုးရှိတယ်လို့ IntelliNews က သုံးသပ်ပါတယ်။
အိန္ဒိယက ၂၀၂၅ ခုနှစ်မှာ စတင်ခဲ့တဲ့ National Critical Mineral Mission အောက်ကနေ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ သတ္တုသန့်စင်ရေးစက်မှုဇုန် ၄ ခု တည်ဆောက်ဖို့ ရည်ရွယ်ထားသလို မြေရှားသတ္တု အမြဲတမ်းသံလိုက် ထုတ်လုပ်ရေးကိုလည်း တိုးချဲ့ဖို့ ကြိုးပမ်းနေပါတယ်။
တစ်ဖက်မှာ မြန်မာနိုင်ငံက မြေရှားသတ္တုတူးဖော်မှုတွေဟာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ဓာတုအဆိပ်သင့်မှုနဲ့ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းအပေါ် သက်ရောက်မှုတွေကြောင့် ဝေဖန်ခံနေရပါတယ်။ ဒါ့အပြင် စစ်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ ဘယ်အဖွဲ့က သတ္တုတွင်းကို ထိန်းချုပ်ပြီး ဘယ်သူက ဝင်ငွေရရှိနေသလဲဆိုတာ မရှင်းလင်းတာကြောင့် အိန္ဒိယအနေနဲ့ မြန်မာ့မြေရှားသတ္တုကွင်းဆက်ထဲ ဝင်ရောက်လာရင် သဘာဝပတ်ဝန်းကျင်နဲ့ တာဝန်ခံမှုဆိုင်ရာ စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်။
ဒါကြောင့် လက်ရှိမှာ မြန်မာ့မြေရှားသတ္တုဟာ အိန္ဒိယအတွက် တရုတ်ကို ချက်ချင်းအစားထိုးနိုင်မယ့် ထောက်ပံ့ရေးရင်းမြစ် မဟုတ်သေးပေမယ့် တရုတ်ရဲ့ မြေရှားသတ္တုအပေါ် အလွန်အမင်းလွှမ်းမိုးထားမှုကို လျှော့ချဖို့ ရေရှည်မဟာဗျူဟာမြောက် ရင်းမြစ်တစ်ခု အဖြစ် အရေးပါလာနေပါတယ်။

