Homeပြည်တွင်းသတင်းဒေါ်အောင်ဆန်းစုကြည်ကို ICRC ကိုယ်စားလှယ် တွေ့ဆုံခဲ့တယ်လို့ စစ်အုပ်စုထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ကိုယ်စားလှယ် တွေ့ဆုံခဲ့တယ်လို့ စစ်အုပ်စုထုတ်ပြန်

၃ ဩဂုတ် ၂၀၂၆ | New Day Myanmar

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Arnaud de Baecque က ဒီနေ့ ဩဂုတ် ၃ ရက် မနက်ပိုင်းမှာ တွေ့ဆုံခဲ့တယ်လို့ စစ်အုပ်စုဘက်က ထုတ်ပြန်ပါတယ်။

တွေ့ဆုံမှုကို ဘယ်နေရာမှာ ပြုလုပ်ခဲ့တယ်၊ ဘယ်လောက်ကြာမြင့်ခဲ့တယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ ထိန်းသိမ်းထားတဲ့ အခြေအနေတွေအပါအဝင် ဘယ်အကြောင်းအရာတွေကို ဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ အသေးစိတ်ဖော်ပြထားခြင်း မရှိပါဘူး။

Arnaud de Baecque ဟာ ICRC ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နဲ့ မြန်မာနိုင်ငံအတွင်း လုပ်ငန်းအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။

စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ကနေ သတ်မှတ်ထားတဲ့ နေအိမ်တစ်ခုမှာ ကျန်ပြစ်ဒဏ်ကို ဆက်လက်ကျခံစေဖို့ ဧပြီ ၃၀ ရက်မှာ နေရာပြောင်းရွှေ့ထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ICRC ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေရဲ့ နေထိုင်မှုအခြေအနေ၊ လူသားဆန်စွာ ဆက်ဆံခံရမှုနဲ့ ကျန်းမာရေးဆိုင်ရာ အခြေအနေတွေကို လေ့လာဖို့ သီးသန့်တွေ့ဆုံလေ့ရှိပြီး တွေ့ရှိချက်တွေကို ထိန်းသိမ်းထားတဲ့ အာဏာပိုင်တွေနဲ့ လျှို့ဝှက်ဆွေးနွေးတဲ့ မူဝါဒကို ကျင့်သုံးပါတယ်။

ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ICRC ဘက်က သီးခြားအတည်ပြုထုတ်ပြန်ချက်ကိုတော့ New Day Myanmar က လက်ရှိအချိန်အထိ မတွေ့ရသေးပါဘူး။

Related News

Most Read