၃ ဩဂုတ် ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံက သတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံဘက်ကို စီးဝင်တဲ့ မြစ်တွေမှာ အဆိပ်သင့်သတ္တုဓာတ်တွေ ညစ်ညမ်းနေတယ်ဆိုပြီး သတ္တုတွင်းလုပ်ငန်းတွေ ချက်ချင်းရပ်တန့်ပေးဖို့ ထိုင်းနိုင်ငံသားအဖွဲ့တွေက ဒီနေ့ ဩဂုတ် ၃ ရက်မှာ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးရှေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
ကောက်မြစ်၊ စိုင်မြစ်၊ ရွက်မြစ်နဲ့ မဲခေါင်မြစ် ကာကွယ်ရေး ပြည်သူ့ကွန်ရက်က မနက် ၁၀ နာရီခွဲမှာ ချင်းမိုင်မြို့ ဝတ်ဆန်တိထမ်းဘုန်းကြီးကျောင်းရှေ့ကနေ စတင်စုဝေးပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံးဆီ ချီတက်ခဲ့တာဖြစ်ပါတယ်။
ဆန္ဒပြသူတွေက စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရာကွန်တို့ရဲ့ မျက်နှာဖုံးတွေ ဝတ်ဆင်ကာ ညစ်ညမ်းရေနမူနာထည့်ထားတယ်ဆိုတဲ့ ရေဘူးတွေကို အပြန်အလှန်ပစ်ပေးပြီး နှစ်နိုင်ငံအစိုးရတွေက ပြဿနာကို တာဝန်လွှဲချနေတဲ့အခြေအနေကို သရုပ်ဖော်ခဲ့ပါတယ်။ တောင်းဆိုစာကိုတော့ ချန်ဖွတ်ရဲစခန်းမှူးက ကိုယ်စားလက်ခံခဲ့ပါတယ်။
ကွန်ရက်ရဲ့ ထုတ်ပြန်ချက်မှာ ကောက်မြစ်၊ စိုင်မြစ်၊ ရွက်မြစ်နဲ့ မဲခေါင်မြစ်ကမ်းတလျှောက် နေထိုင်သူ သန်းနဲ့ချီပြီး နယ်စပ်ဖြတ်ကျော်သတ္တုတွင်းညစ်ညမ်းမှုကြောင့် ပတ်ဝန်းကျင်နဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ထိခိုက်မှုတွေကို ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။
မဲခေါင်မြစ်ဝှမ်းက စိုက်ပျိုးမြေ အနည်းဆုံး ရိုင် ၁၁၀,၀၀၀ မှာ တောင်သူတွေက ညစ်ညမ်းမှုရှိနိုင်တဲ့ မြစ်ရေကို အသုံးပြုပြီး စပါးစိုက်ပျိုးနေရသလို အဲဒီဒေသက စိုက်ပျိုးထွက်ကုန်တွေကို ထိုင်းနိုင်ငံတဝန်း ဖြန့်ဖြူးရောင်းချနေတာကြောင့် အစားအစာကွင်းဆက်အတွင်း အဆိပ်သင့်သတ္တုဓာတ်တွေ စုပုံလာနိုင်တယ်လို့ ကွန်ရက်က သတိပေးပါတယ်။
ဒါ့အပြင် ကျေးရွာ ၆၀ က ရေလုပ်သားတွေဟာ ငါးတွေအတွင်း ခဲ၊ ကက်ဒမီယမ်နဲ့ ပြဒါးဓာတ်တွေ ပါဝင်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် ပုံမှန်အသက်မွေးဝမ်းကျောင်း မလုပ်နိုင်တော့ဘူးလို့ ဆိုပါတယ်။ ချင်းရိုင်မြို့က အိမ်ထောင်စု အနည်းဆုံး ၄၀,၀၀၀၊ လူဦးရေ ၁၂၀,၀၀၀ ခန့်ဟာလည်း ကောက်မြစ်ရေကို အခြေခံထုတ်လုပ်ထားတဲ့ ရေပေးဝေရေးစနစ်ကို ဆက်သုံးနေရပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးလုပ်ထုံးလုပ်နည်း ကျွမ်းကျင်သူတွေက ဧပြီ ၂၁ ရက်မှာ ထိုင်း၊ မြန်မာနဲ့ တရုတ်ဘက်ကို ပူးတွဲစာပေးပို့ပြီး မဲခေါင်ဒေသအတွင်း သတ္တုတွင်းတွေကြောင့် ဖြစ်ပေါ်နေတဲ့ နယ်စပ်ဖြတ်ကျော် ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ လူ့အခွင့်အရေးထိခိုက်မှုတွေကို အရေးယူဖြေရှင်းဖို့ တောင်းဆိုခဲ့ပါတယ်။ ကုလသမဂ္ဂစာမှာ ထိုင်းဘက်က စစ်ဆေးခဲ့တဲ့ ရေနမူနာတွေမှာ အာဆင်းနစ်၊ ခဲ၊ ပြဒါးနဲ့ မန်းဂနိစ်ဓာတ်တွေ သတ်မှတ်ချက်ထက် ကျော်လွန်တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်အုပ်စုဘက်ကတော့ ဇွန် ၁၇ ရက်မှာ ကုလသမဂ္ဂကို ပြန်လည်တုံ့ပြန်ပြီး ကောက်မြစ်ဘေးမှာ တရားဝင်ခွင့်ပြုထားတဲ့ ရှားပါးမြေသတ္တုနဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေ မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ မြန်မာဘက်က စစ်ဆေးခဲ့တဲ့ ရေနမူနာတွေမှာလည်း အာဆင်းနစ်ဓာတ်ဟာ မြန်မာနိုင်ငံသတ်မှတ်ချက်အတွင်းမှာ ရှိတယ်လို့ ဆိုထားပါတယ်။
ဆန္ဒပြကွန်ရက်ကတော့ ဂြိုဟ်တုဓာတ်ပုံတွေမှာ မြန်မာနိုင်ငံဘက် ကောက်မြစ်ရင်းမြစ်အနီး သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို ရှင်းရှင်းလင်းလင်း တွေ့နေရတာကြောင့် စစ်အုပ်စုရဲ့ ငြင်းဆိုချက်ဟာ မြေပြင်အချက်အလက်တွေနဲ့ ကွဲလွဲနေတယ်လို့ တုံ့ပြန်ထားပါတယ်။
ဒါကြောင့် ကောက်မြစ်၊ စိုင်မြစ်၊ ရွက်မြစ်နဲ့ မဲခေါင်မြစ်လက်တက်တွေအနီးက သတ္တုတူးဖော်ရေးလုပ်ငန်းအားလုံးကို ညစ်ညမ်းမှုပြဿနာ အပြီးသတ်မဖြေရှင်းနိုင်မချင်း ချက်ချင်းရပ်တန့်ပေးဖို့နဲ့ နယ်စပ်ဖြတ်ကျော်ထိခိုက်မှုတွေအတွက် တာဝန်ယူပေးဖို့ မင်းအောင်လှိုင်ထံ တောင်းဆိုထားပါတယ်။
ထိုင်းနိုင်ငံ ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေးဌာနရဲ့ မေလအတွင်း ၁၉ ကြိမ်မြောက် စစ်ဆေးချက်မှာ ကောက်မြစ်၊ စိုင်မြစ်နဲ့ ရွက်မြစ်ရှိ နေရာတချို့မှာ အာဆင်းနစ်၊ ခဲနဲ့ မန်းဂနိစ်ဓာတ်တွေ သတ်မှတ်ချက်ထက် ကျော်လွန်နေပေမယ့် အဲဒီတကြိမ် စစ်ဆေးမှုအရ မဲခေါင်မြစ်မှာတော့ သတ္တုညစ်ညမ်းမှု သတ်မှတ်ချက်ကျော်လွန်တာ မတွေ့ရဘူးလို့ ထုတ်ပြန်ထားပါတယ်။


