၃၀ ဧပြီ ၂၀၂၆ | New Day Myanmar
နိုင်ငံအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိကျခံနေရတဲ့ ပြစ်ဒဏ်တွေကို “သတ်မှတ်ထားတဲ့နေအိမ်”မှာ ဆက်လက်ကျခံရန် ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) က ဒီနေ့ ဧပြီ ၃၀ ရက် ညပိုင်းမှာ ကြေညာလိုက်ပါတယ်။
ကြေညာချက်ထဲမှာ ပြောင်းလဲကျခံရမယ့် နေအိမ်ဟာ ဘယ်နေရာမှာရှိတယ်ဆိုတာကို မဖော်ပြထားသလို အမိန့်ကို ဘယ်သူက အတည်ပြုခဲ့တာလဲဆိုတာကိုလည်း ထည့်သွင်းမဖော်ပြထားပါဘူး။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို စစ်ကော်မရှင်ဘက်က တိတိကျကျ မထုတ်ပြန်ခဲ့တာကြောင့် ယခု “သတ်မှတ်ထားတဲ့နေအိမ်” ဆိုတဲ့အသုံးအနှုန်းက အမှန်တကယ် နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့တာ ဟုတ်မဟုတ်ဆိုတာအပေါ် မေးခွန်းတွေ ထပ်မံပေါ်ပေါက်လာစေခဲ့ပါတယ်။
MRTV ရဲ့ ရုပ်သံကြေညာချက်ထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အဖြူရောင်အင်္ကျီနဲ့ ထဘီဝတ်ဆင်ထားပြီး စစ်ဝတ်စုံဝတ်အရာရှိတစ်ဦးနဲ့ ရဲဝတ်စုံဝတ်သူတစ်ဦးတို့နဲ့ စကားပြောနေသလို မြင်တွေ့ရတဲ့ ပုံရိပ်တွေကို ထည့်သွင်းဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၅ နှစ်ကျော်ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ခံထားရပြီး အသက်ရှင်နေမှုအပေါ် အတည်ပြုချက်မရှိသေးတာကြောင့် နိုင်ငံတွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အသက်ရှင်နေမှု သက်သေပြရန် တောင်းဆိုမှုတွေ ဆက်လက်မြင့်တက်နေပါတယ်။
တစ်ဖက်မှာလည်း အာဆီယံက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တိုက်တွန်းထားပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်နဲ့ ထိုင်းနိုင်ငံဘက်က မြန်မာနိုင်ငံ အာဆီယံစင်မြင့်ကို ပြန်လည်ဝင်ရောက်လိုပါက ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဖို့ လိုအပ်တယ်လို့ ပြောဆိုထားတာတွေ နောက်ခံအဖြစ်ရှိနေတဲ့အချိန်မှာ ယခုကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။


