၅ မေ ၂၀၂၆ | New Day Myanmar
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာ ဒေသခံပြည်သူတွေ နဲ့ သပိတ်ကော်မတီဝင်တွေ ပူးပေါင်းပြီး “Proof of Life” လူထုလှုပ်ရှားမှုကို ဒီကနေ့ မေလ ၅ ရက်မှာ ထပ်မံပြုလုပ်ခဲ့ကြပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အသက်ရှင်နေမှုနဲ့ ကျန်းမာရေးအခြေအနေကို ခိုင်လုံတဲ့အထောက်အထားနဲ့ သက်သေပြပေးဖို့ စစ်ကော်မရှင်ကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
ဆန္ဒပြသူတွေက “ထောင်ဒဏ်လျှော့ပေးတာထက် သက်ရှိထင်ရှားရှိနေသလားကို သက်သေပြပါ” ၊ “ကျွန်ုပ်တို့လိုချင်တာ ဓာတ်ပုံမဟုတ်ဘူး၊ အသက်ရှင်နေကြောင်း ခိုင်လုံတဲ့အထောက်အထား” ဆိုတဲ့ စာသားတွေကို ကိုင်ဆောင်ကာ စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ပြသခဲ့ကြပါတယ်။
“Proof of Life” ကမ်ပိန်းဟာ ဧပြီ ၂၁ ရက်က စတင်ခဲ့တာဖြစ်ပြီး ဖမ်းဆီးခံထားရချိန်မှစပြီး ပြင်ပဆက်သွယ်ခွင့် မရှိသလို သတင်းအမှောင်အောက်တွင် ရှိနေမှုကြောင့် မိသားစုဝင်များနဲ့ ပြည်သူလူထုအကြား စိုးရိမ်မှုများ မြင့်တက်လာတာဖြစ်ပါတယ်။
အထူးသဖြင့် သားဖြစ်သူ ကိုထိန်လင်း အပါအဝင် ပြည်တွင်းပြည်ပက လူထုများကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအပေါ် စိုးရိမ်နေကြတာကို တွေ့ရပါတယ်။
ဒီလှုပ်ရှားမှုမှာ ပြည်သူတိုင်း ပါဝင်နိုင်ပြီး ဆိုရှယ်မီဒီယာများမှတစ်ဆင့် မိမိတို့ရဲ့ တောင်းဆိုချက်တွေ ထုတ်ဖော်ရေးသားခြင်း၊ မိမိတို့နေထိုင်ရာနိုင်ငံအစိုးရများကို တိုက်တွန်းကာ ဖိအားပေးနိုင်ရေး အကူအညီတောင်းခံခြင်းများ ပြုလုပ်နိုင်ကြောင်း သိရပါတယ်။


