၅ မေ ၂၀၂၆ | New Day Myanmar
Miss Grand Myanmar ပြိုင်ပွဲအတွင်း သီလရှင်ဝတ်စုံပုံစံနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြိုင်ပွဲဝင်အလှမယ်အပါအဝင် တာဝန်ရှိသူတွေကို အရေးယူနိုင်ရေးအတွက် စစ်တပ်ရဲ့ပြည်ထဲရေးဝန်ကြီးဌာနကို တင်ပြထားတယ်လို့ သာသနာရေးဝန်ကြီးဌာနက မေလ ၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်အရ Miss Grand Myanmar ပြိုင်ပွဲဝင် တာချီလိတ်အလှမယ် အိမွန်လွင်ဟာ ထေရဝါဒဗုဒ္ဓဘာသာ သာသနာ့အနွယ်ဝင် သီလရှင်ဝတ်စုံကို ဝတ်ဆင်ပြီး Model Show အတွင်း လျှောက်လှမ်းယှဉ်ပြိုင်ခဲ့တာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်တွေမှာ ဗီဒီယိုဖိုင်များ ပျံ့နှံ့လာခဲ့တာကြောင့် အရေးယူနိုင်ရေး စိစစ်ဖော်ထုတ်ပေးရန် တောင်းဆိုထားတာဖြစ်ပါတယ်။
ဒါ့အပြင် အဆိုပါ ဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ပြိုင်ပွဲကျင်းပရေးအဖွဲ့အစည်းဘက်ကလည်း Miss Grand Tachileik 2026 အလှမယ်ကို ပြိုင်ပွဲစည်းကမ်းချိုးဖောက်မှုနဲ့ ပြိုင်ပွဲမှ ထုတ်ပယ်လိုက်ပြီဖြစ်တယ်လို့ ကြေညာထားပါတယ်။
ပြိုင်ပွဲဘက်က ထုတ်ပြန်ချက်အရ Full Rehearsal နှစ်ကြိမ်လုံးမှာ အဆိုပါ တင်ဆက်မှုကို ကြိုတင်ပြသထားခြင်းမရှိသလို Supervisor၊ Admin တာဝန်ရှိသူတွေကိုလည်း အစီအစဉ်အကြောင်း ကြိုတင်အသိပေးထားခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ထို့ပြင် စာချုပ်ပါ စည်းကမ်းချက်များအရ နိုင်ငံတော်နဲ့ Organization ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် အပြုအမူတွေ မပြုလုပ်ရဆိုတဲ့ သတ်မှတ်ချက်ကို လျစ်လျူရှုခဲ့တာ၊ လူအများစု ကိုးကွယ်ရာဖြစ်တဲ့ ဗုဒ္ဓဘာသာကို မလေးစားသလို ဖြစ်စေတဲ့ လုပ်ရပ်ဖြစ်တာကြောင့် ပြိုင်ပွဲမှ ထုတ်ပယ်လိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


