၂၈ ဇူလိုင် ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ ချာချောင်းဆောင်ခရိုင်၊ ဘန်းဖိုမြို့နယ်မှာ အသက် ၂၆ နှစ်အရွယ် မြန်မာရွှေ့ပြောင်းလုပ်သားအမျိုးသမီးတဦး သတ်ဖြတ်ခံရပြီး ရုပ်အလောင်းကို လမ်းဘေးမြက်ပင်တွေကြား စွန့်ပစ်ထားတဲ့အမှု ဖြစ်ပွားခဲ့ပါတယ်။
သေဆုံးသူဟာ မြန်မာနိုင်ငံသား မတင်စန္ဒာလင်းဖြစ်ပြီး အခင်းဖြစ်ရာအနီးက စက်ရုံတခုမှာ ငါးလှီးလုပ်သားအဖြစ် အလုပ်လုပ်နေသူဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။
ဘန်းဖိုရဲစခန်းဟာ ဇူလိုင် ၂၇ ရက် ညနေပိုင်းက ဘန်းဖိုမြို့နယ်၊ ထာဖရာဒေသ၊ အမှတ် ၃ ကျေးရွာအုပ်စုမှာရှိတဲ့ စက်ရုံတခုအနီး လမ်းဘေးမြက်ပင်တွေကြား အမျိုးသမီးရုပ်အလောင်းတွေ့ရှိကြောင်း သတင်းရခဲ့တာပါ။
ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိစစ်ဆေးချိန်မှာ ရုပ်အလောင်းဟာ ပက်လက်အနေအထားရှိပြီး လည်ပင်းမှာ ချွန်ထက်တဲ့လက်နက်နဲ့ ထိုးခုတ်ထားတဲ့ ပြတ်ရှဒဏ်ရာကြီးတခု တွေ့ရှိခဲ့ပါတယ်။ ရုပ်အလောင်းက အနံ့ထွက်နေပြီဖြစ်တာကြောင့် သေဆုံးခဲ့တာ အချိန်တခုကြာမြင့်နိုင်တယ်လို့ ယူဆထားပါတယ်။
သေဆုံးသူရဲ့ ဘယ်ဘက်လက်ထဲမှာ ဆံပင်တဆုပ်ကို ဆုပ်ကိုင်ထားတာတွေ့ရပြီး ရဲတပ်ဖွဲ့က မှုခင်းအတွက် အရေးကြီးတဲ့ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ပါတယ်။ အဝတ်အစားအနေအထား မူမမှန်တာကြောင့် လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရခြင်း ရှိ၊ မရှိအပါအဝင် ဖြစ်နိုင်ခြေအားလုံးကို စစ်ဆေးနေပြီး မှုခင်းဆေးစစ်ချက်ကို စောင့်ဆိုင်းနေပါတယ်။
သေဆုံးသူရဲ့ ညီဖြစ်သူက ရုပ်အလောင်းကို လာရောက်ကြည့်ရှုအတည်ပြုခဲ့ပါတယ်။ အခင်းဖြစ်ပြီးနောက် ပျောက်ဆုံးနေတဲ့ မြန်မာနိုင်ငံသား အမျိုးသားလုပ်ဖော်ကိုင်ဖက်တဦးကိုတော့ ရဲတပ်ဖွဲ့က အမှုရဲ့ အဓိကသံသယရှိသူအဖြစ် သတ်မှတ်ပြီး လိုက်လံရှာဖွေနေပါတယ်။
ဒါပေမဲ့ အမှုဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ သေဆုံးသူနဲ့ သံသယရှိသူတို့ရဲ့ ဆက်ဆံရေးအခြေအနေကို ရဲတပ်ဖွဲ့က အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပါဘူး။ သိမ်းဆည်းထားတဲ့ ဆံပင်နဲ့ တခြားသက်သေခံပစ္စည်းတွေကို DNA စစ်ဆေးပြီး အနီးဝန်းကျင်က လုံခြုံရေးကင်မရာမှတ်တမ်းတွေကိုလည်း ဆက်လက်စစ်ဆေးနေပါတယ်။


