၈ ဇူလိုင် ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံမြောက်ပိုင်းမှာ နှစ်စဉ်ကြုံနေရတဲ့ နယ်စပ်ဖြတ်ကျော် မီးခိုးမြူနဲ့ PM2.5 လေထုညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းနိုင်ဖို့ မြန်မာဘက်ရဲ့ ပူးပေါင်းဆောင်ရွက်မှု ရရှိရေး ထိုင်းအစိုးရက မြှင့်တင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ထိုင်းသဘာဝသယံဇာတနဲ့ ပတ်ဝန်းကျင်ဝန်ကြီး Suchart Chomklin က ထိုင်းညစ်ညမ်းမှုထိန်းချုပ်ရေးဌာန (PCD) ကို ထိုင်းစစ်တပ်လက်အောက်ရှိ နယ်ခြားရေးရာဌာနနဲ့ ပူးပေါင်းပြီး မီးခိုးမြူ၊ တောမီးနဲ့ နယ်စပ်ဖြတ်ကျော် ရေညစ်ညမ်းမှုကိစ္စတွေကို ၉ ကြိမ်မြောက် ထိုင်း–မြန်မာ အဆင့်မြင့်ကော်မတီအစည်းအဝေးမှာ တင်ပြဆွေးနွေးဖို့ ညွှန်ကြားထားပါတယ်။
ထိုင်း PCD နဲ့ နယ်ခြားရေးရာဌာနတို့ဟာ ဇူလိုင် ၃ ရက်က တွေ့ဆုံပြီး ထိုင်း–မြန်မာ နယ်စပ်တလျှောက် တောမီး၊ မီးခိုးမြူနဲ့ မြစ်ရေညစ်ညမ်းမှုတွေကို ကာကွယ်ထိန်းချုပ်နိုင်ရေး ဆွေးနွေးမယ့် အစီအစဉ်တွေ ပြင်ဆင်ခဲ့တယ်လို့ ထိုင်းအစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိုင်းဘက်က မြန်မာနိုင်ငံအတွင်း တာချီလိတ်၊ ကျိုင်းတုံနဲ့ တောင်ကြီးမြို့တွေမှာ နယ်စပ်ဖြတ်ကျော် တောမီးနဲ့ မီးခိုးမြူစောင့်ကြည့်ရေးစင်တာ ၃ ခု ဖွင့်လှစ်နိုင်ရေးကို ထောက်ပံ့ထားပြီး အဲဒီစင်တာတွေကို သတင်းအချက်အလက်ဖလှယ်ရေး၊ စောင့်ကြည့်ရေးနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကြား ညှိနှိုင်းရေးအတွက် အသုံးပြုမယ်လို့ ဆိုပါတယ်။
ထိုင်း PCD က လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာရေးကိရိယာတွေကိုလည်း မြန်မာဘက်ကို ထောက်ပံ့ပေးဖို့ ပြင်ဆင်နေပြီး မီးခိုးမြူပြဿနာကို တိုင်းတာနိုင်တဲ့ ဒေတာအခြေခံ ပူးပေါင်းဆောင်ရွက်မှုတခုအဖြစ် တိုးချဲ့ဖို့ ရည်ရွယ်ထားပါတယ်။
ထိုင်း၊ လာအိုနဲ့ မြန်မာတို့ဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလကတည်းက နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာကို ဖြေရှင်းဖို့ Clear Skies Strategy ၂၀၂၄–၂၀၃၀ အောက်မှာ ပူးတွဲလုပ်ငန်းအစီအစဉ်တခု စတင်ထားပြီး အစိုးရဌာနတွေ၊ ပြည်သူတွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ ပူးပေါင်းကာ တောမီး၊ PM2.5 နဲ့ နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှုကို လျှော့ချမယ်လို့ ထိုင်းဘက်က ပြောထားပါတယ်။
၂၀၂၆ ခုနှစ် မေလ ၁၉ ရက်ကနေ ၂၂ ရက်အထိ ချင်းမိုင်မြို့မှာလည်း မြန်မာ–ထိုင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူညစ်ညမ်းမှုဆိုင်ရာ မူဝါဒဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး သန့်ရှင်းတဲ့လေထု၊ တည်တံ့တဲ့စိုက်ပျိုးရေးနဲ့ တာဝန်ယူမှုရှိတဲ့ လယ်ယာကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့ပါတယ်။
အဲဒီဆွေးနွေးမှုတွေမှာ သီးနှံထွက်ရှိရာနေရာကို ခြေရာခံနိုင်တဲ့စနစ်တွေ၊ မီးမရှို့တဲ့ စိုက်ပျိုးရေးလုပ်နည်းတွေ၊ Good Agricultural Practices (GAP) စနစ်တွေကို ပူးပေါင်းအကောင်အထည်ဖော်နိုင်ရေးလည်း ဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်ထားပါတယ်။
ထိုင်းမြောက်ပိုင်းမှာ မီးခိုးမြူနဲ့ PM2.5 ပြဿနာဟာ နှစ်စဉ် ဖေဖော်ဝါရီလကနေ ဧပြီလအထိ ပိုမိုဆိုးရွားလေ့ရှိပြီး စိုက်ပျိုးမြေမီးရှို့မှု၊ တောမီးနဲ့ နယ်စပ်ဖြတ်ကျော် မီးခိုးမြူတွေကြောင့် ချင်းမိုင်အပါအဝင် မြောက်ပိုင်းပြည်နယ်တွေမှာ ကျန်းမာရေးထိခိုက်မှုနဲ့ ခရီးသွားလုပ်ငန်းထိခိုက်မှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။
ထိုင်းဘက်ကတော့ မီးခိုးမြူပြဿနာဟာ ထိုင်းနိုင်ငံတခုတည်းဖြေရှင်းနိုင်တဲ့ ပြည်တွင်းပြဿနာမဟုတ်ဘဲ မြန်မာနဲ့ လာအိုအပါအဝင် အိမ်နီးချင်းနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုလိုအပ်တဲ့ နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်းတခုဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။
လက်ရှိမှာ ထိုင်းဘက်က မြန်မာနဲ့ ဆက်သွယ်ပြီး တောမီးနဲ့ မီးခိုးမြူစောင့်ကြည့်ရေးစင်တာတွေ၊ လေထုအရည်အသွေးတိုင်းတာရေးကိရိယာတွေ၊ ဒေတာဖလှယ်မှုစနစ်တွေနဲ့ မီးမရှို့တဲ့ စိုက်ပျိုးရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ဖိအားပေးဆောင်ရွက်နေပါတယ်။
ပုံစာ – လေထုညစ်ညစ်မှုကြားက ချင်းမိုင်မြို့ကို မြင်ရစဉ်


