Homeပြည်တွင်းသတင်းရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေအနီး ကျောင်းသူတွေကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်ပြတာနဲ့ ကားအဓမ္မခေါ်ဆောင်ရန် ကြိုးပမ်းမှုရှိတယ်လို့ သတိပေးချက်တွေ ထွက်ပေါ်

ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေအနီး ကျောင်းသူတွေကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်ပြတာနဲ့ ကားအဓမ္မခေါ်ဆောင်ရန် ကြိုးပမ်းမှုရှိတယ်လို့ သတိပေးချက်တွေ ထွက်ပေါ်

၈ ဇူလိုင် ၂၀၂၆ | New Day Myanmar

ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ ကျောင်းဝန်းအနီးမှာ တဦးတည်းသွားလာနေတဲ့ ကျောင်းသူတွေကို ပစ်မှတ်ထားပြီး ကားဖြင့် ခေါ်ဆောင်ရန် ကြိုးပမ်းတာနဲ့ ကားအတွင်းကနေ မဖွယ်မရာပြုလုပ်နှောင့်ယှက်တာတွေ ရှိနေတယ်ဆိုတဲ့ သတိပေးချက်တွေ ကျောင်းသားအသိုင်းအဝိုင်းကြား ထွက်ပေါ်နေပါတယ်။

ကျောင်းသားအသိုင်းအဝိုင်းထဲ ပျံ့နှံ့နေတဲ့ သတိပေးချက်တွေအရ ဇူလိုင် ၄ ရက် နေ့လယ်ပိုင်းက လှိုင်တက္ကသိုလ်နယ်မြေ၊ ကေတုမတီဆောင်နဲ့ ရွှေဟင်္သာလမ်းကြား၊ ကျောင်းကွေ့ဘက်သွားတဲ့ အဆောင်လမ်းမှာ ဂျပန်စာမေးပွဲဖြေဆိုပြီး ပြန်လာတဲ့ ကျောင်းသူတဦးကို ခဲရောင်ကားတစီး မောင်းနှင်သူက ကားပေါ်အတင်းဆွဲတင်ပြီး အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကျောင်းသူဟာ ကားအတွင်းကနေ ရုန်းကန်ပြီး အော်ဟစ်အကူအညီတောင်းခဲ့တာကြောင့် အနီးနားက လမ်းသွားလမ်းလာ အမျိုးသားတဦး ရောက်ရှိလာချိန်မှာ ကားမောင်းသူက ဖြစ်စဉ်နေရာကနေ မောင်းနှင်ထွက်ပြေးသွားတယ်လို့ သတိပေးချက်တွေမှာ ဖော်ပြထားပါတယ်။

အဆိုပါကားနဲ့ ပတ်သက်ပြီး “2I-3231” ဆိုတဲ့ ကားနံပါတ်ကို ကျောင်းသားအသိုင်းအဝိုင်းက သတိထားစောင့်ကြည့်ရန် မျှဝေထားကြပြီး အဲဒီအချက်နဲ့ ပတ်သက်တဲ့ လူမှုကွန်ရက်သတိပေးချက်တွေ ဇူလိုင် ၇ ရက်နောက်ပိုင်း ပိုမိုပျံ့နှံ့လာပါတယ်။ ဒါပေမဲ့ ကားပိုင်ရှင်၊ မောင်းနှင်သူနဲ့ ဖြစ်စဉ်အသေးစိတ်ကို New Day Myanmar က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဇူလိုင် ၅ ရက်နဲ့ ၆ ရက်နေ့လယ်ပိုင်းအထိလည်း အဆိုပါ ခဲရောင်ကားဟာ လှိုင်နယ်မြေအတွင်းရှိ နှင်းဆီဆောင်၊ ဆရာမများဆောင်နဲ့ YU လိုင်းနယ်မြေ နောက်လမ်းကြားတွေမှာ ဆက်လက်လှည့်လည်နေပြီး တဦးတည်းသွားလာနေတဲ့ ကျောင်းသူတွေကို ကြည့်ကာ ကားအတွင်းကနေ မဖွယ်မရာပြုလုပ်နှောင့်ယှက်မှုတွေ ရှိနေတယ်လို့ မျက်မြင်တွေ့ရှိသူတွေက သတိပေးထားကြပါတယ်။

အဲဒီကားနဲ့ ပတ်သက်ပြီး မေ ၂၂ ရက်ကတည်းက အလားတူနှောင့်ယှက်မှု ကြုံတွေ့ခဲ့တယ်ဆိုတဲ့ အမျိုးသမီးတဦးရဲ့ ပြောဆိုချက်လည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ သူမရဲ့ ပြောဆိုချက်အရ marketplace ဘက်ကို သွားစဉ် ဝါယာလက်ဘုန်းကြီးကျောင်းအနီး ဂိတ်တံခါးဘေးမှာ ရပ်ထားတဲ့ ကားတစီးက လမ်းမေးသလို ခေါ်ဆိုခဲ့ပြီး အင်းစိန်လမ်းနဲ့ ပြည်လမ်းဘက် ဘယ်လိုသွားရမလဲ မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

သူမက လမ်းကြောင်းရှင်းပြနေချိန်မှာ ကားမောင်းသူက မှန်တံခါးကို အောက်ချပြီး ကားအတွင်းမှာ မဖွယ်မရာပြုလုပ်နေတာကို တွေ့ခဲ့ရတာကြောင့် ထိတ်လန့်ပြီး နေရာကနေ ထွက်ပြေးခဲ့ရတယ်လို့ ပြောထားပါတယ်။ အဲဒီနောက်မှ ကားနံပါတ်ကို မှတ်ထားနိုင်ခဲ့ပြီး အခုအချိန်အထိ အဲဒီနေရာနားသွားရင် စိတ်မအေးဖြစ်နေဆဲဖြစ်တယ်လို့ သူမက ဆိုထားပါတယ်။

လက်ရှိအချိန်အထိ အဆိုပါယာဉ်နဲ့ မောင်းနှင်သူကို သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က ဖော်ထုတ်ဖမ်းဆီးနိုင်ပြီဆိုတဲ့ တရားဝင်ထုတ်ပြန်ချက် မတွေ့ရသေးပါဘူး။ ဒါကြောင့် ကျောင်းသားကျောင်းသူတွေက အချင်းချင်း အသိပေးသတိပေးပြီး လုံခြုံရေးအတွက် စောင့်ကြည့်နေရတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

ကျောင်းသားအသိုင်းအဝိုင်းကတော့ လှိုင်နယ်မြေအတွင်း သွားလာနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဆရာမတွေအနေနဲ့ နံနက် ၉ နာရီကနေ ည ၁၀ နာရီအတွင်း တဦးတည်း မသွားလာကြဖို့၊ အဖွဲ့လိုက်သွားလာကြဖို့နဲ့ မသင်္ကာဖွယ်ယာဉ်တွေ့ရှိပါက နေရာ၊ အချိန်၊ ကားနံပါတ်၊ ဓာတ်ပုံအထောက်အထားတွေကို မှတ်တမ်းတင်ပြီး တာဝန်ရှိသူတွေဆီ အမြန်ဆုံး အကြောင်းကြားကြဖို့ သတိပေးထားပါတယ်။

ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ကျောင်းသားကျောင်းသူတွေရဲ့ လုံခြုံရေးအတွက် တက္ကသိုလ်တာဝန်ရှိသူတွေ၊ နယ်မြေတာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့နဲ့ ကညနတို့က အမြန်ဆုံး စစ်ဆေးဖော်ထုတ်ပြီး လုံခြုံရေးအစီအမံတွေ တိုးမြှင့်ဆောင်ရွက်ပေးရန် လိုအပ်နေပါတယ်။

Related News

Most Read