Homeပြည်တွင်းသတင်းလှိုင်မြို့နယ်မှာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်သူကို ဖမ်းဆီး

လှိုင်မြို့နယ်မှာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်သူကို ဖမ်းဆီး

၂၂ ဇွန် ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး နေအိမ်အတွင်း အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရပြီး သံသယရှိသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဖြစ်စဉ်ဟာ ဇွန်လ ၁၉ ရက် မနက်ပိုင်းက လှိုင်မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်ရှိ နေအိမ်တစ်လုံးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မိန်းကလေးငယ်ကို အိပ်ခန်းအတွင်း ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအရ အသက် ၃၈ နှစ်အရွယ် အောင်ကျော်စိုး (ခ) အင်ဂျင်ဝိုင်ဆိုသူကို ဇွန်လ ၁၉ ရက် ညနေပိုင်းမှာ တွံတေးမြို့နယ်၊ သရက်နှစ်ပင်ကျေးရွာအနီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားတဲ့ စစ်ဆေးချက်အရ သံသယရှိသူဟာ ဇွန်လ ၁၉ ရက် မနက် ၁ နာရီဝန်းကျင်မှာ လှိုင်မြို့နယ်ရှိ နေအိမ်တစ်လုံးအတွင်း ဝင်ရောက်ပြီး iPhone 15 ဖုန်းတစ်လုံးနဲ့ ငွေကျပ် ၂ သိန်း ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် အနီးရှိ နေအိမ်တစ်လုံးအတွင်း ထပ်မံဝင်ရောက်စဉ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တယ်လို့ သံသယရှိသူက ဝန်ခံထွက်ဆိုထားကြောင်း ရဲတပ်ဖွဲ့ဘက်က ပြောပါတယ်။

ခိုးယူလာတဲ့ ဖုန်းကို ငွေကျပ် ၂ သိန်းနဲ့ ရောင်းချပြီးနောက် တွံတေးမြို့နယ်ရှိ နေအိမ်ဘက်ကို ပြန်လည်ထွက်ပြေးခဲ့စဉ် ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

လက်ရှိမှာ အောင်ကျော်စိုး (ခ) အင်ဂျင်ဝိုင်ကို လှိုင်မြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂၊ ၃၇၆ တို့နဲ့ အမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

အမှုဖြစ်စဉ်နဲ့ ရဲတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားတဲ့ ဝန်ခံထွက်ဆိုချက်တွေကို New Day Myanmar အနေနဲ့ သီးခြားလွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Related News

Most Read