Homeအထူးသတင်းမြန်မာတိုက်ပွဲတွေ ကြောင့် ထိုင်းကို ထိခိုက်တာ လက်မခံနိုင်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် သတိပေး

မြန်မာတိုက်ပွဲတွေ ကြောင့် ထိုင်းကို ထိခိုက်တာ လက်မခံနိုင်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် သတိပေး

၂၂ ဧပြီ ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ထိုင်းနိုင်ငံဘက်ကို ကူးစက်လာတဲ့အပေါ် လက်မခံနိုင်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး အနုတင် က သတိပေးပြောကြားလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့ (မနက် ၁၀ နာရီ ၁၀ မိနစ်မှာ ပြည်ထဲရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ အနုတင်က မြန်မာနိုင်ငံဘက်က တိုက်ပွဲတွေကြောင့် ထိုင်းနယ်စပ်မှာနေထိုင်တဲ့ ပြည်သူတွေရဲ့ လုံခြုံရေးအပေါ် စိုးရိမ်ကြောင်း ပြောပါတယ်။

နယ်စပ်တစ်လျှောက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် လုံခြုံရေးစီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး ညွှန်ကြားချက်တွေ အများကြီး ထုတ်ထားပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံပိုင်နက်အတွင်းကို လက်နက်ကြီးကျည်တွေ ကျရောက်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီး သံတမန်ရေးနည်းလမ်းတွေအပါအဝင် နည်းလမ်းမျိုးစုံနဲ့ တုံ့ပြန်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

မြန်မာဘက်ကတော့ ယခုဖြစ်ရပ်တွေဟာ ပြည်တွင်းတိုက်ပွဲတွေကြောင့် ဖြစ်တာသာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်တာ မဟုတ်ဘူးလို့ ပြန်လည်ရှင်းလင်းထားပါတယ်။

ဒါပေမဲ့ အနုတင်ကတော့“ဒါကို ကျွန်တော်တို့ လက်မခံပါဘူး။ တိုက်ပွဲတွေဖြစ်ရင် သူတို့ဘက်မှာပဲ ဖြစ်ရမယ်။ ကျွန်တော်တို့နိုင်ငံကို မထိခိုက်ရဘူး” လို့ ပြတ်သားစွာ ပြောကြားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့ မနက်ပိုင်းမှာလည်း ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်းရှိ KNU ဆေးရုံနဲ့ အရပ်သားနေအိမ်တွေကို မြန်မာလေတပ်က Yak-130 နဲ့ MiG-29 တိုက်လေယာဉ်တွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနေရာဟာ ထိုင်းနယ်စပ်နဲ့ မီတာ ၅၀၀ ခန့်သာ ကွာဝေးပြီး ဗုံးတစ်လုံးက ထိုင်းနိုင်ငံဘက် သံလွင်မြစ်ကမ်းအနီး ဘန်မယ်ဝမ် ကျေးရွာအနီးကို ကျရောက်ခဲ့တာကြောင့် ဒေသခံတွေ ထိတ်လန့်ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ယခုလို နယ်စပ်ဖြတ်ကျော် သက်ရောက်လာတဲ့ တိုက်ပွဲအန္တရာယ်တွေကြောင့် ထိုင်းဘက်က လုံခြုံရေးတိုးမြှင့်ထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး