Homeပြည်တွင်းသတင်းအလိုရှိသူတွေ အပြန်အလှန်ဖမ်းပေးရေး ထိုင်းနဲ့ မြန်မာစစ်တပ် ဆွေးနွေး

အလိုရှိသူတွေ အပြန်အလှန်ဖမ်းပေးရေး ထိုင်းနဲ့ မြန်မာစစ်တပ် ဆွေးနွေး

၂၇ ဇူလိုင် ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံက အလိုရှိပြီး မြန်မာနိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်နေတဲ့ မူးယစ်ဆေးဝါးတရားခံတွေကို ဖမ်းဆီးလွှဲပြောင်းပေးဖို့ ထိုင်းအစိုးရကိုယ်စားလှယ်အဖွဲ့က တောင်းဆိုခဲ့သလို မြန်မာစစ်တပ်ဘက်ကလည်း သူတို့အလိုရှိပြီး ထိုင်းနိုင်ငံမှာ နေထိုင်နေသူတွေကို ဖမ်းဆီးအရေးယူပေးဖို့ ပြန်လည်တောင်းဆိုခဲ့တယ်လို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ဆီက သိရပါတယ်။

ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီဝင်နဲ့ ဒုတိယဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ပိုင်ဘွန်း ခွမ်ချာယာ (Paiboon Koomchaya) နဲ့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ဗိုလ်ချုပ်ကြီး ဆမ်ရန် နွမ်မာတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇူလိုင် ၂၅ ရက်က နေပြည်တော်ကို နေ့ချင်းပြန်ခရီးစဉ်အဖြစ် လာရောက်ခဲ့တာပါ။

မြန်မာစစ်တပ်ကျောထောက်နောက်ခံ နေပြည်တော်အစိုးရက ဒီခရီးစဉ်နဲ့ တွေ့ဆုံမှုတွေကို သတင်းထုတ်ပြန်ခြင်းမရှိပေမယ့် ထိုင်းသတင်းဌာနတချို့ကတော့ မူးယစ်ဆေးဝါးနဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတိုက်ဖျက်ရေး ဆွေးနွေးခဲ့ကြောင်း ဖော်ပြခဲ့ကြပါတယ်။

မြန်မာစစ်တပ်က ထိုင်းဘက်ကို လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့တဲ့ အလိုရှိသူတွေ ဟာ ဘယ်သူတွေလဲဆိုတာ မသိရသေးသလို ရာဇဝတ်မှုဆိုင်ရာတရားခံတွေသာ ဖြစ်သလား၊ ထိုင်းနိုင်ငံမှာ ခိုလှုံနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေပါ ပါဝင်သလားဆိုတာလည်း ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းမှုဆန့်ကျင်သူတွေ၊ သတင်းသမားတွေနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ အများအပြားကို ရာဇဝတ်ပုဒ်မတွေနဲ့ အမှုဖွင့်လိုက်လံဖမ်းဆီးနေပြီး တချို့က ထိုင်းနိုင်ငံမှာ ထွက်ပြေးခိုလှုံနေကြတာကြောင့် ဒီတောင်းဆိုချက်ဟာ စိုးရိမ်စရာဖြစ်လာပါတယ်။

ထိုင်းအခြေစိုက် Khaosod သတင်းဌာနရဲ့ ဖော်ပြချက်အရ ထိုင်းကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံအတွင်း ခိုအောင်းနေတဲ့ ထိုင်းနိုင်ငံရဲ့ အရေးကြီးမူးယစ်ဆေးဝါးအမှု တရားခံပြေးတွေကို ဖမ်းဆီးလွှဲပြောင်းပေးဖို့အပါအဝင် အချက်သုံးချက် တောင်းဆိုခဲ့ပါတယ်။

တခြားတောင်းဆိုချက်နှစ်ခုကတော့ ထိုင်းနိုင်ငံက တင်ပို့တဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုနိုင်တဲ့ ဓာတုကုန်ကြမ်းတွေကို မြန်မာနိုင်ငံအတွင်းရှိ စက်မှုလုပ်ငန်းတွေမှာ မှန်မှန်ကန်ကန်အသုံးပြုခြင်း ရှိ၊ မရှိ စစ်ဆေးပေးဖို့နဲ့ အဲဒီဓာတုပစ္စည်းတွေကို နယ်စပ်လမ်းကြောင်းတွေကနေ မူးယစ်ဆေးဝါးထုတ်လုပ်ရေးဆီ တရားမဝင်သယ်ဆောင်မှု မရှိအောင် တားဆီးပေးဖို့ ဖြစ်ပါတယ်။

ထိုင်းကိုယ်စားလှယ်အဖွဲ့ဟာ မနက်ပိုင်းမှာ နေပြည်တော်ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ပြည်ထဲရေးဒုတိယဝန်ကြီး၊ ရဲတပ်ဖွဲ့ဒုတိယရဲချုပ်နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတာဝန်ရှိသူတွေကို တွေ့ဆုံခဲ့ပါတယ်။

မွန်းလွဲပိုင်းမှာတော့ ဒုစစ်ခေါင်းဆောင်ဟောင်းနဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ စိုးဝင်းအပါအဝင် ကောင်စီဝင်တွေနဲ့ ထပ်မံတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

မြန်မာစစ်တပ်ဘက်က ထိုင်းရဲ့တောင်းဆိုချက်တွေကို ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောကြားခဲ့ပြီး မြန်မာဘက်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဝန်ထမ်းတွေကို လေ့ကျင့်သင်ကြားပေးဖို့နဲ့ နိုင်ငံတကာအဆင့်မီ စစ်ဆေးရေးကိရိယာတွေ ထောက်ပံ့ပေးဖို့ ထိုင်းဘက်ကို ပြန်လည်တောင်းဆိုခဲ့ပါတယ်။

နှစ်ဖက်တာဝန်ရှိသူတွေဟာ ဆက်သွယ်ရေးတာဝန်ခံတွေ သတ်မှတ်ပြီး မူးယစ်ဆေးဝါးနဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုဆိုင်ရာ သတင်းအချက်အလက်တွေ အပြန်အလှန်ဖလှယ်ဖို့လည်း သဘောတူခဲ့ကြပါတယ်။

ဒါပေမဲ့ မြန်မာစစ်တပ်က အလိုရှိသူတွေကို ထိုင်းနိုင်ငံက ဖမ်းဆီးလွှဲပြောင်းပေးရေးတောင်းဆိုချက်အပေါ် ထိုင်းဘက်က သဘောတူခြင်း၊ ငြင်းဆိုခြင်း မရှိသေးသလို ထိုင်းဘက်က ထုတ်ပြန်တဲ့သတင်းတွေမှာလည်း ဒီတောင်းဆိုချက်ကို ဖော်ပြထားခြင်း မရှိပါဘူး။

Related News

Most Read