၈ ဇူလိုင် ၂၀၂၆ | New Day Myanmar
အာဆီယံအထူးကိုယ်စားလှယ်နဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မပေးခဲ့တာဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ရဲ့ အားနည်းမှုကို ထပ်မံဖော်ပြလိုက်တာဖြစ်တယ်လို့ ASEAN Parliamentarians for Human Rights (APHR) က ဇူလိုင် ၇ ရက်မှာ ဝေဖန်လိုက်ပါတယ်။
APHR က စစ်အုပ်စုဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလကတည်းက အာဆီယံအထူးကိုယ်စားလှယ်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပိတ်ပင်လာတာဖြစ်ပြီး အခုနောက်ဆုံး ငြင်းဆိုမှုဟာ အဲဒီပုံစံရဲ့ နောက်ထပ်ဖြစ်စဉ်တခုဖြစ်တယ်လို့ ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံက ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် မေလ ၆ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ စစ်အုပ်စုကို တောင်းဆိုခဲ့တာဖြစ်ပြီး ဒါဟာ သူမကို နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက် ဖြစ်ပါတယ်။ ဖိလစ်ပိုင်ဘက်က ဒီလိုတွေ့ဆုံခွင့်ရရှိရေးဟာ မြန်မာနိုင်ငံမှာ ယုံကြည်မှုတည်ဆောက်ရေး၊ သက်ဆိုင်သူအားလုံးနဲ့ ဆက်ဆံရေးနဲ့ အာဆီယံ ၅ ချက်မူဘောင်အောက်က နိုင်ငံရေးဆွေးနွေးရေးကို အထောက်အကူဖြစ်စေမယ်လို့ ပြောထားပါတယ်။
ဒါပေမဲ့ ဇွန်လ ၃၀ ရက်မှာ စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူက အဲဒီတောင်းဆိုမှုကို ခွင့်မပြုကြောင်း အတည်ပြုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ပြစ်ဒဏ်ကျခံနေရသူဖြစ်တဲ့အတွက် နိုင်ငံတကာကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခွင့်မရှိဘူးဆိုတဲ့ အကြောင်းပြချက်ပေးခဲ့တယ်လို့ APHR က ဖော်ပြထားပါတယ်။
APHR ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားလွှတ်တော်အမတ် Mercy Chriesty Barends က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့တယ်ဆိုတဲ့ ကြေညာချက်ဟာ သံတမန်ရေးအရ မျက်နှာဖုံးဖန်တီးဖို့သာဖြစ်ပြီး ယုံကြည်စိတ်ချနိုင်တဲ့ အတည်ပြုစစ်ဆေးခွင့်မပေးနိုင်ဘူးဆိုရင် အဲဒီလုပ်ရပ်ကို အပြုသဘောဆောင်တဲ့ ခြေလှမ်းလို့ မဆိုနိုင်ဘူးလို့ ဝေဖန်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းချိန်ကစပြီး ထိန်းသိမ်းထားတာဖြစ်ပြီး ၂၀၂၆ ခုနှစ် ဧပြီလကုန်ပိုင်းမှာ စစ်အုပ်စုက သူမကို အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့ထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ သူမရဲ့ တည်နေရာအတိအကျကို မဖော်ပြခဲ့သလို သူမရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီးလည်း လွတ်လပ်တဲ့ အတည်ပြုစစ်ဆေးခွင့် မရှိသေးပါဘူး။
AP သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ်ကတည်းက အများပြည်သူရှေ့မှာ မတွေ့ရတော့ဘဲ သူမရဲ့ ဥပဒေအဖွဲ့ကလည်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း လူချင်းတွေ့ဆုံခွင့် မရရှိတော့ပါဘူး။ ကျန်းမာရေးအခြေအနေ ဆိုးရွားလာတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့လည်း ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Julie Bishop ကလည်း ဇွန်လ ၁၉ ရက် ကုလသမဂ္ဂအထွေထွေညီလာခံတင်ပြချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အရေးပေါ်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပြီး သူမရဲ့ အခြေအနေကို နှစ်ပေါင်းများစွာ လွတ်လပ်စွာ စစ်ဆေးအတည်ပြုနိုင်ခြင်း မရှိတာကို ထောက်ပြခဲ့တယ်လို့ APHR က ဆိုပါတယ်။
APHR က အာဆီယံဥက္ကဋ္ဌနဲ့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မာကို့စ် ဂျူနီယာအပါအဝင် အာဆီယံနိုင်ငံတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်း၊ ခြွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆိုရမယ်လို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု၊ ဥပဒေအကျိုးဆောင်တွေနဲ့ လွတ်လပ်တဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့ကို သူမနဲ့ ချက်ချင်းတွေ့ဆုံခွင့်ပေးဖို့၊ သူမရဲ့ တည်နေရာနဲ့ အသက်ရှင်လျက်ရှိကြောင်း အများပြည်သူသိနိုင်တဲ့ အထောက်အထားပြဖို့လည်း APHR က တောင်းဆိုထားပါတယ်။
အာဆီယံအနေနဲ့ စစ်အုပ်စုနဲ့ ဆက်လက်ထိတွေ့ဆက်ဆံမယ်ဆိုရင် အာဆီယံ ၅ ချက်အပေါ် တိုင်းတာနိုင်ပြီး စစ်ဆေးအတည်ပြုနိုင်တဲ့ တိုးတက်မှုရှိမှသာ ဆက်ဆံရေးကို ချိတ်ဆက်သင့်တယ်လို့ APHR က ပြောပါတယ်။ စစ်အုပ်စုနဲ့ ၎င်းရဲ့ ပြင်ပထောက်ခံသူတွေ၊ အထူးသဖြင့် တရုတ်နိုင်ငံအပေါ် ဖိအားပိုမိုတိုးမြှင့်ဖို့လည်း တိုက်တွန်းထားပါတယ်။
APHR က စစ်အုပ်စုဟာ အာဆီယံရဲ့ အခြေခံအကျဆုံး တောင်းဆိုချက်တခုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ကိုပင် ငြင်းဆိုနေချိန်မှာ အာဆီယံစားပွဲဝိုင်းထဲ ပြန်ဝင်ဖို့ ကြိုးပမ်းနေတယ်လို့ ထောက်ပြပါတယ်။ အာဆီယံခေါင်းဆောင်တွေအနေနဲ့ အဲဒီဆန့်ကျင်ဘက်အခြေအနေကို လက်ခံနိုင်မလားဆိုတာ ဆုံးဖြတ်ရမယ်လို့လည်း APHR က ပြောထားပါတယ်။
အခုဖြစ်စဉ်ဟာ စစ်အုပ်စုထိန်းချုပ်ထားတဲ့ ပြည်ထောင်စုလွှတ်တော်အတွင်း အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ပြန်လည်သုံးသပ်ဖို့ ဆွေးနွေးနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ တဖက်မှာ စစ်အုပ်စုဘက်က အာဆီယံ ၅ ချက်ဟာ လက်ရှိအခြေအနေနဲ့ မကိုက်ညီတော့ဘူးဆိုပြီး ပြန်သုံးသပ်ဖို့ ဖိအားပေးနေသလို တဖက်မှာတော့ လူ့အခွင့်အရေးလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေက အဲဒီ ၅ ချက်ကို အခြေခံထားတဲ့ အာဆီယံချဉ်းကပ်မှုဟာ စစ်အုပ်စုရဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိခြင်းကြောင့် အချည်းနှီးဖြစ်နေပြီလို့ ဝေဖန်လာတာ ဖြစ်ပါတယ်။


