၆ ဇူလိုင် ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံအတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူတွေ လုပ်ကိုင်နေတယ်လို့ဆိုတဲ့ သတ္တုတွင်းတွေက ထွက်လာတဲ့ အဆိပ်သင့်ဓာတ်ပစ္စည်းတွေကြောင့် ထိုင်းနိုင်ငံက ကော့၊ စိုင်၊ ရွက်နဲ့ မဲခေါင်မြစ်တွေ ညစ်ညမ်းနေတဲ့ပြဿနာကို အရေးယူဖြေရှင်းပေးဖို့ ဒေသခံပြည်သူတွေက တရုတ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။
ကော့၊ စိုင်၊ ရွက်နဲ့ မဲခေါင်မြစ် ကာကွယ်ရေးပြည်သူ့ကွန်ရက်က ကိုယ်စားလှယ်တွေဟာ ဇူလိုင် ၆ ရက်မှာ ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့ကို သွားရောက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်ထံ လိပ်မူထားတဲ့ တောင်းဆိုစာကို တရုတ်အစိုးရကိုယ်စားလှယ်ထံ ပေးအပ်ခဲ့တာပါ။
ကွန်ရက်ရဲ့ တောင်းဆိုစာမှာ မြန်မာနိုင်ငံက သတ္တုတွင်းတွေကြောင့် အဆိပ်သင့်သတ္တုဓာတ်တွေ မြစ်ရေထဲ စီးဝင်လာပြီး ထိုင်းနိုင်ငံက စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနဲ့ ဒေသခံတွေရဲ့ စားသောက်ရေ လုံခြုံရေးကို ထိခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။
ညစ်ညမ်းရေကြောင့် စပါးစိုက်ဧက ၁၁၀,၀၀၀ ခန့်၊ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်တဲ့ ကျေးရွာ ၆၀ နဲ့ ချင်းရိုင်မြို့ပေါ်က အိမ်ထောင်စု ၄၀,၀၀၀ ကျော်၊ လူဦးရေ ၁၂၀,၀၀၀ ကျော် ထိခိုက်နေရတယ်လို့ ကွန်ရက်က ဆိုပါတယ်။
တရုတ်အစိုးရအနေနဲ့ နိုင်ငံခြားမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေတဲ့ တရုတ်ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို စစ်ဆေးအရေးယူပြီး နယ်စပ်ဖြတ်ကျော်ညစ်ညမ်းမှု ဖြစ်စေတဲ့ လုပ်ငန်းတွေကို ထောက်ပံ့နေတာ ရပ်တန့်ပေးဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ဖြတ်ပြီး တရုတ်နိုင်ငံဆီ ပို့ဆောင်နေတဲ့ ခနောက်စိမ်း၊ တန်စတင်၊ သံဖြူ၊ ခဲ၊ ကြေးနီနဲ့ မန်းဂနိစ် သတ္တုတွေရဲ့ မူလထွက်ရှိရာ သတ္တုတွင်းတွေကို နောက်ကြောင်းပြန်စစ်ဆေးဖို့လည်း တောင်းဆိုထားပါတယ်။ အဲဒီသတ္တုတွေဟာ လူနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နေတဲ့ သတ္တုတွင်းတွေက ထွက်ရှိလာတာ ဟုတ်၊ မဟုတ် ပွင့်လင်းမြင်သာစွာ ဖော်ထုတ်ရမယ်လို့ ဆိုပါတယ်။
တရုတ်တာဝန်ရှိသူတွေကို ထိခိုက်ခံစားနေရတဲ့ ဒေသခံတွေနဲ့ တွေ့ဆုံဖို့၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကနေ ပြဿနာဖြေရှင်းမယ့် ရှင်းလင်းတဲ့အစီအစဉ် ထုတ်ပြန်ဖို့နဲ့ မြန်မာနိုင်ငံက သတ္တုတွင်းနေရာတွေကို နှစ်နိုင်ငံနဲ့ သက်ဆိုင်ရာအဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ စေလွှတ်ဖို့လည်း တောင်းဆိုထားပါတယ်။
ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှာ ထိုင်းနိုင်ငံက ကိုယ်စားလှယ်တွေနဲ့ ထိခိုက်ခံစားနေရတဲ့ ပြည်သူတွေကိုပါ ထည့်သွင်းပြီး သတ္တုတွင်းတွေက နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းတွေ လိုက်နာမှုရှိ၊ မရှိ စစ်ဆေးကာ ရလဒ်တွေကို အများပြည်သူသိရှိအောင် ထုတ်ပြန်ပေးဖို့ ကွန်ရက်က တောင်းဆိုထားပါတယ်။
ကော့နဲ့ စိုင်မြစ်ရဲ့ မြစ်ဖျားပိုင်းဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းမှာရှိပြီး အဲဒီဒေသက သတ္တုတွင်းတွေမှာ တရုတ်စကားပြော လုပ်ငန်းရှင်တွေ ပါဝင်နေသလို ထွက်ရှိလာတဲ့ သတ္တုတွေကို တရုတ်နယ်စပ်ဘက် ပို့ဆောင်နေတယ်ဆိုတဲ့ အချက်အလက်တွေ ရရှိထားတယ်လို့ ကွန်ရက်က ပြောပါတယ်။ ဒါပေမဲ့ သတ္တုတွင်းတခုချင်းစီရဲ့ ပိုင်ဆိုင်မှုနဲ့ လုပ်ကိုင်ခွင့်ဆိုင်ရာ အချက်အလက်တွေကို အပြည့်အစုံ လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ကွန်ရက်က မြစ်ရေညစ်ညမ်းမှုဟာ ထိုင်းနိုင်ငံတခုတည်းရဲ့ ပြည်တွင်းပြဿနာ မဟုတ်ဘဲ မြန်မာ၊ ထိုင်းနဲ့ တရုတ်တို့ ပူးပေါင်းဖြေရှင်းရမယ့် နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင်နဲ့ ပြည်သူ့ကျန်းမာရေး အကျပ်အတည်းဖြစ်တယ်လို့ သတိပေးထားပါတယ်။


