Homeပြည်တွင်းသတင်းအိမ်ငှားခ မြင့်တက်လာတာကြောင့် ရန်ကုန်ရောက် စစ်ရှောင်တွေ နေစရာပိုခက်ခဲလာ

အိမ်ငှားခ မြင့်တက်လာတာကြောင့် ရန်ကုန်ရောက် စစ်ရှောင်တွေ နေစရာပိုခက်ခဲလာ

၆ ဇူလိုင် ၂၀၂၆ | New Day Myanmar

ရန်ကုန်မြို့မှာ အိမ်ငှားခတွေ ဆက်တိုက်မြင့်တက်လာတာကြောင့် တခြားဒေသတွေကနေ စစ်ဘေးရှောင်လာသူတွေ နေထိုင်စရာ အခက်အခဲ ပိုမိုကြုံတွေ့နေရတယ်လို့ စစ်ရှောင်မိသားစုဝင်တွေဆီက သိရပါတယ်။

လက်ရှိမှာ မန္တလေး၊ စစ်ကိုင်း၊ မကွေးနဲ့ ရှမ်းပြည်နယ်တို့က လုံခြုံရေးအခြေအနေတွေကြောင့် နေရပ်စွန့်ခွာလာသူ သောင်းနဲ့ချီဟာ ရန်ကုန်မြို့မှာ လာရောက်အလုပ်လုပ်ကိုင်ပြီး နေထိုင်စားသောက်နေကြရပါတယ်။

အိမ်ငှားခ မတတ်နိုင်တာကြောင့် စစ်ရှောင်မိသားစုတချို့ဟာ မိသားစုအများအပြား စုပေါင်းနေထိုင်ရသလို တချို့က မြေလွတ်နေရာတွေမှာ တဲထိုးနေထိုင်ရပြီး တချို့ကတော့ ရင်းနှီးရာ ဘုန်းကြီးကျောင်းတွေမှာ ယာယီခိုလှုံနေကြရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

“လောလောဆယ်တော့ အိမ်ငှားခဈေးတွေ တက်နေတော့ မိသားစုအလိုက် စုပြီး ပေါင်းနေကြရတာပေါ့။ အလုပ်ကတော့ ဆိုင်းထမ်းနဲ့ အသုတ်၊ မုန့်တီတို့ လှည့်ရောင်းကြတယ်။ သူ့ဟာနဲ့သူတော့ စားဖို့လောက် ရပါတယ်။ တချို့က ငှားနေဖို့တောင် အဆင်မပြေလို့ မြေလွတ်မှာ တဲထိုးပြီး နေကြတယ်။ တချို့လည်း ရန်ကုန်မှာ ကိုယ့်ဒေသက ရင်းနှီးတဲ့ ဘုန်းကြီးကျောင်းတွေမှာ ခဏနေကြရတာပေါ့” လို့ အညာဒေသကနေ စစ်ရှောင်လာသူတဦးက New Day Myanmar ကို ပြောပါတယ်။

လတ်တလော ရန်ကုန်မြို့က အိမ်ငှားခတွေဟာ ၂၀၂၅ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် သုံးဆနီးပါး မြင့်တက်လာတယ်လို့ အိမ်ငှားနေသူတွေက ပြောပါတယ်။

လုံးချင်းအိမ်တွေဟာ အကျယ်အဝန်းနဲ့ တည်နေရာပေါ်မူတည်ပြီး တလ ကျပ် ၁၀ သိန်းကနေ သိန်း ၂၀ အထိ ရှိနေပါတယ်။ ဆင်ခြေဖုံးမြို့နယ်တွေက တဲသာသာ နေလို့ရတဲ့ အိမ်တလုံးကိုတောင် တလ ကျပ် ၇ သောင်းကနေ ၁ သိန်းခွဲဝန်းကျင် ပေးနေရတယ်လို့ သိရပါတယ်။

တိုက်ခန်းငှားခတွေကလည်း မြေညီထပ်တခန်းကို တလ ကျပ် ၈ သိန်းဝန်းကျင်အထိ ရှိနေပြီး အထပ်မြင့်လာတာနဲ့အမျှ ကျပ် ၃ သိန်းခွဲဝန်းကျင်အထိ ပေါက်ဈေးရှိနေတာကြောင့် စစ်ရှောင်မိသားစုတွေအတွက် နေထိုင်စရာ ပိုမိုခက်ခဲလာပါတယ်။

“ရန်ကုန်မှာက စားဖို့ထက် နေဖို့က ပိုခက်ခဲတယ်။ အခု ရန်ကုန်မှာ စစ်ရှောင်တွေက ပိုများလာတယ်။ တချို့ဆို နီးစပ်ရာ ဆွေမျိုးသားချင်းတွေနဲ့ စုပြီး နေကြတယ်။ ကျွန်တော်တို့ကတော့ ကိုယ်ချင်းစာတယ်။ တလချင်းပေးဖို့ အရမ်းခက်ခဲရင် နောက်လပေါင်းပေးဆိုပြီး လုပ်ပေးတယ်” လို့ မိသားစုတွေ နေထိုင်ဖို့ အဆောင်ငှားပေးထားသူတဦးက ပြောပါတယ်။

ရန်ကုန်ကို ရောက်ရှိနေတဲ့ စစ်ရှောင်တွေထဲမှာ ကာလတိုနဲ့ ကာလရှည် နေရပ်စွန့်ခွာလာသူတွေ ရှိပါတယ်။ ကာလတို တိမ်းရှောင်လာသူတွေက ရင်းနှီးရာ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြပြီး ကာလရှည် နေထိုင်ရမယ့်သူတွေကတော့ အိမ် ဒါမှမဟုတ် အဆောင်ငှားပြီး နေထိုင်နေကြရတယ်လို့ သိရပါတယ်။

Related News

Most Read