၆ ဇူလိုင် ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ပြည်နယ်၊ ဘန်ဆောက်သွန်မြို့နယ်မှာ ဆိုင်ကယ်ဟွန်းတီးတဲ့ကိစ္စကနေ စကားများပြီး ထိုင်းအမျိုးသားတွေနဲ့ မြန်မာလုပ်သားတွေအကြား ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် မြန်မာလုပ်သား ၃ ဦးနဲ့ ထိုင်းအမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဖြစ်စဉ်ဟာ ဇူလိုင် ၅ ရက် မနက် ၁၂ နာရီခွဲဝန်းကျင်မှာ ဘန်ဆောက်သွန်မြို့နယ်၊ ထိုင်းပရာကန်လမ်းသွယ် ၃၂ ဝင်ပေါက်အနီးမှာ ဖြစ်ပွားခဲ့တာပါ။
အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိချိန်မှာ မြန်မာအမျိုးသား ၃ ဦး ဒဏ်ရာရရှိနေတာကို တွေ့ရှိခဲ့ပြီး အခင်းဖြစ်ပွားရာလမ်းပေါ်မှာ သွေးကွက်တွေနဲ့ ဘီယာပုလင်းကွဲတွေ ပြန့်ကျဲနေတာ တွေ့ရပါတယ်။
ဒဏ်ရာရသူတွေကတော့ အသက် ၄၇ နှစ်အရွယ် ကိုထွန်းမင်းလွင်၊ အသက် ၃၇ နှစ်အရွယ် ကိုမျိုးကျော်သူနဲ့ အသက် ၃၃ နှစ်အရွယ် ကိုရှင်တို့ ဖြစ်ပါတယ်။
ကိုထွန်းမင်းလွင်မှာ နဖူးနဲ့ ဦးခေါင်းနောက်ဘက် ပြတ်ရှဒဏ်ရာ၊ ကိုမျိုးကျော်သူမှာ ဦးခေါင်းဒဏ်ရာနဲ့ ကိုရှင်မှာ နားရွက်ပြတ်ရှဒဏ်ရာ ရရှိခဲ့တာကြောင့် ရှေးဦးသူနာပြုစုပေးပြီး ဘန်နာ ၂ ဆေးရုံကို ပို့ဆောင်ကုသခဲ့ပါတယ်။
ခိုက်ရန်ဖြစ်ပွားမှုမှာ ထိုင်းအမျိုးသား ၂ ဦးလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီး ဘန်ဆောက်သွန်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရ ထိုင်းအမျိုးသားတွေရဲ့ မိတ်ဆွေဖြစ်သူက မြန်မာလုပ်သား ၂၀ ဝန်းကျင်က ထိုင်းအမျိုးသား ၂ ဦးကို အရင်ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာကြောင့် သူငယ်ချင်းတွေကို ပြန်ခေါ်လာခဲ့တာလို့ ထွက်ဆိုထားပါတယ်။ ဒါပေမဲ့ မြန်မာလုပ်သားတွေ ဒဏ်ရာရအောင် ဘယ်သူတွေက တိုက်ခိုက်ခဲ့သလဲဆိုတာ မသိဘူးလို့လည်း သူက ပြောပါတယ်။
အသက် ၃၈ နှစ်အရွယ် မြန်မာလုပ်သားခေါင်းဆောင်တဦးကတော့ ထိုင်းအမျိုးသားတွေနဲ့ မြန်မာလုပ်သားတွေ ခိုက်ရန်ဖြစ်ပွားနေတယ်ဆိုတဲ့ သတင်းရရှိတာကြောင့် လာရောက်ကြည့်ရှုခဲ့တာဖြစ်ပြီး ကနဦးအကြောင်းရင်းဟာ ဆိုင်ကယ်ဟွန်းတီးတဲ့ကိစ္စကနေ စတင်ခဲ့တာလို့ ပြောပါတယ်။
ပြစ်မှုစတင်ကျူးလွန်သူ ဘယ်သူလဲဆိုတာ မသိရှိသေးသလို မြန်မာလုပ်သားတွေကို မေးမြန်းရာမှာလည်း ဖြစ်စဉ်ကို တိတိကျကျ မပြောနိုင်သေးဘူးလို့ သူက ဆိုပါတယ်။
ဘန်ဆောက်သွန်ရဲတပ်ဖွဲ့က ခိုက်ရန်ဖြစ်ပွားရတဲ့ အကြောင်းရင်းအမှန်၊ ပါဝင်သူတွေနဲ့ ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ဖို့ ဆက်စပ်သူတွေကို လိုက်လံခေါ်ယူစစ်ဆေးပြီး ဥပဒေအရ အရေးယူနိုင်ဖို့ စုံစမ်းနေပါတယ်။


