၃ ဇူလိုင် ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံမှာ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး မိဘတွေမသိဘဲ ပစ်ကပ်ကားကို ယူမောင်းပြီး ဘုရားဖူးခရီးကြွချီနေတဲ့ သံဃာတော်အဖွဲ့ကို ဝင်တိုက်ခဲ့တာကြောင့် ပျံလွန်တော်မူတဲ့ သံဃာတော်အရေအတွက် ၁၀ ပါးအထိ မြင့်တက်လာပါတယ်။
ဖြစ်စဉ်ဟာ ဇူလိုင်လ ၂ ရက် မနက်ပိုင်းက ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ မွတ်ခ်ဒါဟန်ပြည်နယ်၊ မွတ်ခ်ဒါဟန်မြို့နယ်၊ နာစီနွမ်ဒေသက မွတ်ခ်ဒါဟန်–ဒွန်တန်လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တာပါ။
သံဃာတော် ၃၅ ပါးနဲ့ ကပ္ပိယငါးဦးတို့ဟာ မွတ်ခ်ဒါဟန်ပြည်နယ်ကနေ ကီလိုမီတာ ၂၆၀ ခန့်ဝေးတဲ့ အူဘွန်ရတ်ချာဌာနီပြည်နယ်ကို ဘုရားဖူးခရီးအဖြစ် စီတန်းကြွချီနေစဉ် ပစ်ကပ်ကားက အရှိန်နဲ့ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။
သံဃာတော်ငါးပါးဟာ အခင်းဖြစ်ရာနေရာမှာ ပျံလွန်တော်မူခဲ့ပြီး နောက်ထပ်ငါးပါးက ဆေးရုံမှာ ကုသမှုခံယူနေစဉ် ထပ်မံပျံလွန်တော်မူခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူ ၂၃ ဦးရှိပြီး ဒဏ်ရာပြင်းထန်သူတချို့ကို အထူးကုသမှုပေးနိုင်ဖို့ တခြားဆေးရုံတွေဆီ လွှဲပြောင်းထားပါတယ်။
ကားမောင်းလာတဲ့ ကလေးဟာ မိဘတွေမသိဘဲ နေအိမ်က ပစ်ကပ်ကားကို ယူမောင်းလာပြီး ၁၀ ကီလိုမီတာခန့်အကြာမှာ ကားကို မထိန်းနိုင်ဘဲ သံဃာတော်အဖွဲ့ကို ဝင်တိုက်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ရဲတပ်ဖွဲ့က ကလေးကို မိခင်နဲ့အတူ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး တာဝန်ရှိသူတွေဆီ လွှဲပြောင်းထားပါတယ်။ ကလေးဟာ ထိတ်လန့်နေတဲ့အတွက် အမှုနဲ့ပတ်သက်ပြီး ထွက်ဆိုချက် မယူနိုင်သေးဘူးလို့ ဆိုပါတယ်။
ကလေးဟာ အထူးစောင့်ရှောက်မှုလိုအပ်သူဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပေမယ့် အသက်အရွယ်နဲ့ ကိုယ်ရေးအချက်အလက်လုံခြုံမှုကြောင့် ကျန်းမာရေးအခြေအနေအသေးစိတ်ကို မထုတ်ပြန်ထားပါဘူး။
ထိုင်းဥပဒေအရ အသက် ၁၂ နှစ်မပြည့်သေးတဲ့ ကလေးတစ်ဦး ပြစ်မှုကျူးလွန်ရင် ရာဇဝတ်ပြစ်ဒဏ်ချမှတ်လို့ မရပေမယ့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အစီအမံတွေ ဆောင်ရွက်နိုင်ပါတယ်။
ကလေးရဲ့ မိဘ ဒါမှမဟုတ် တရားဝင်အုပ်ထိန်းသူတွေက ကလေးကို လုံလောက်စွာစောင့်ရှောက်ဖို့ ပျက်ကွက်ခဲ့သလားဆိုတာကို ရဲတပ်ဖွဲ့က စုံစမ်းနေပြီး ပေါ့ဆမှုနဲ့ တရားစွဲဆိုခံရနိုင်တယ်လို့ ဆိုပါတယ်။
ယာဉ်တိုက်မှုဖြစ်ရတဲ့ အကြောင်းရင်းအသေးစိတ်ကို ဖော်ထုတ်နိုင်ဖို့ ရဲတပ်ဖွဲ့က မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေ၊ လုံခြုံရေးကင်မရာမှတ်တမ်းတွေနဲ့ တခြားသက်သေအထောက်အထားတွေကို ဆက်လက်စစ်ဆေးနေပါတယ်။


