၃ ဇူလိုင် ၂၀၂၆ | New Day Myanmar
ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်း–ကလောကားလမ်းပေါ်မှာ ဒီကနေ့ ဇူလိုင် ၃ ရက် မနက်အစောပိုင်းက ၁၂ ဘီးကုန်တင်ကား ယာဉ်မောင်းအမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
ဖြစ်စဉ်ဟာ အောင်ပန်း–ကလောလမ်းခွဲ Toll Gate သေနတ်ပစ်ကွင်းအကျော်မှာ ရပ်ထားတဲ့ ၁၂ ဘီးကုန်တင်ကားပေါ်မှာ ဖြစ်ပွားခဲ့တာပါ။
သေဆုံးသူဟာ ညောင်ရွှေမြို့ အမှတ် (၁) ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၃၀ ကျော်အရွယ် ယာဉ်မောင်း ကိုလှိုင်မင်းဆိုသူဖြစ်ပြီး၊ ကုန်ပို့ခအဖြစ် ရရှိထားတဲ့ ငွေကျပ်သိန်း ၁၅၀ နဲ့ ယာဉ်နောက်လိုက်ကို ပေးရမယ့် လုပ်အားခ ကျပ် ၃ သိန်းကို အွန်လိုင်းစလော့ဂိမ်းမှာ ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတချို့က ပြောဆိုနေကြပါတယ်။
ဒါပေမယ့် အဆိုပါအချက်ကို New Day Myanmar က သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီအချက်နဲ့ သေဆုံးမှုကြား ဆက်နွယ်မှုရှိ၊ မရှိကိုလည်း သက်ဆိုင်ရာက အတည်ပြု ထုတ်ပြန်ထားတာ မရှိသေးဘဲ လတ်တလောမှာတော့ ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်ပြီး ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။
“ကားက မနက် ၂ နာရီခွဲလောက်ကတည်းက အဲဒီနေရာမှာ ရပ်ထားခဲ့ပြီး ယာဉ်နောက်လိုက် အိပ်ပျော်နေချိန်မှာ ယာဉ်မောင်းဖြစ်သူက အဆုံးစီရင်သွားတာလို့ ကြားတယ်။ မနက် ယာဉ်နောက်လိုက် နိုးလာတဲ့အချိန်မှာ ယာဉ်မောင်း သေဆုံးနေတာကို တွေ့ရှိလို့ သက်ဆိုင်ရာနဲ့ လူမှုကူညီရေးအသင်းတွေကို အကြောင်းကြားခဲ့တာ” လို့ ဒေသခံတစ်ဦးလည်းဖြစ်၊ ပရဟိတအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူက New Day Myanmar ကို ပြောပါတယ်။
စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးအခြေအနေတွေ ပိုမိုခက်ခဲလာသလို အွန်လိုင်းစလော့ဂိမ်းနဲ့ လောင်းကစားတွေမှာ ပါဝင်ကစားသူတွေလည်း ပိုများလာတယ်လို့ လူမှုအသိုင်းအဝိုင်းက သုံးသပ်နေကြပါတယ်။
အဲဒီနောက်မှာ ငွေကြေးအများအပြား ဆုံးရှုံးတာ၊ အကြွေးတင်တာနဲ့ မိသားစုအခက်အခဲတွေ ကြုံတွေ့ရတာမျိုးတွေလည်း ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။


