၁ ဇူလိုင် ၂၀၂၆ | New Day Myanmar
ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်မယ်လို့ စစ်အုပ်စုအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။
ဇွန်လ ၃၀ ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြစ်ဆုံအနီးတဝိုက် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်တဲ့ နေရာ ခုနစ်ခုရှိပြီး အဲဒီထဲက မြစ်ညာမြစ်ဝှမ်းစီမံကိန်းတစ်ခုတည်းက လျှပ်စစ်မဂ္ဂါဝပ် ၅,၆၀၀ အထိ ထုတ်လုပ်နိုင်မယ်လို့ သူက ဆိုပါတယ်။
မကြာသေးခင်က မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရေး ဆွေးနွေးခဲ့သလို လက်ရှိမှာလည်း ဒေသခံတွေကို တွေ့ဆုံရှင်းလင်းတာတွေ ပြုလုပ်နေတယ်လို့ ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။
ဒါပေမဲ့ မြစ်ဆုံစီမံကိန်းကို ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ ပြန်လည်အကောင်အထည်ဖော်မယ်ဆိုတဲ့ အသေးစိတ်အစီအစဉ်ကိုတော့ ထုတ်ဖော်ပြောတာ မရှိသေးပါဘူး။
ဧရာဝတီမြစ်ဆုံစီမံကိန်းဟာ ကချင်ပြည်နယ်က မလိခနဲ့ မေခမြစ်ဆုံရာနေရာမှာ တည်ဆောက်ဖို့ စီစဉ်ထားတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှု ရေအားလျှပ်စစ်စီမံကိန်းဖြစ်ပါတယ်။
စီမံကိန်းကြောင့် ဒေသခံရွာတွေ ရွှေ့ပြောင်းရနိုင်တာ၊ ဧရာဝတီမြစ်ကြောင်းစနစ်နဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်တာတွေအပေါ် စိုးရိမ်မှုတွေကြောင့် ပြည်သူတွေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေက နှစ်ပေါင်းများစွာ ကန့်ကွက်လာခဲ့ကြပါတယ်။
အများပြည်သူကန့်ကွက်မှုတွေ မြင့်တက်လာပြီးနောက် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရက ၂၀၁၁ ခုနှစ်မှာ သူ့အစိုးရသက်တမ်းအတွင်း စီမံကိန်းကို ရပ်ဆိုင်းထားမယ်လို့ ကြေညာခဲ့ပါတယ်။
နိုင်ငံရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လေ့လာသူတွေကတော့ စစ်အုပ်စုဟာ စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးအကျပ်အတည်းတွေ ရင်ဆိုင်နေရချိန်မှာ တရုတ်နိုင်ငံရဲ့ ထောက်ခံမှု ပိုမိုရရှိဖို့ ပြည်သူတွေ အစဉ်တစိုက် ကန့်ကွက်ခဲ့တဲ့ မြစ်ဆုံစီမံကိန်းကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။


