Homeပြည်တွင်းသတင်းရန်ကုန်မှာ ငလျင်ခပ်စိပ်စိပ်လှုပ်လာတာကြောင့် မြို့ခံတွေ စိုးရိမ်၊ ကန်ထရိုက်တိုက်ခိုင်ခံ့မှုကို မေးခွန်းထုတ်လာကြ

ရန်ကုန်မှာ ငလျင်ခပ်စိပ်စိပ်လှုပ်လာတာကြောင့် မြို့ခံတွေ စိုးရိမ်၊ ကန်ထရိုက်တိုက်ခိုင်ခံ့မှုကို မေးခွန်းထုတ်လာကြ

၂၉ ဇွန် ၂၀၂၆ | New Day Myanmar

ရန်ကုန်နဲ့ အနီးတဝိုက်မှာ အခုနှစ် မေလကစပြီး ငလျင်အသေးစားနဲ့ အလတ်စားတွေ ခပ်စိပ်စိပ်လှုပ်လာတာကြောင့် မြို့ခံတွေကြား စိုးရိမ်မှု တဖြည်းဖြည်းမြင့်တက်လာနေပါတယ်။

အထူးသဖြင့် အထပ်မြင့်တိုက်နဲ့ ကန်ထရိုက်တိုက်တွေ များတဲ့ တာမွေ၊ လှိုင်၊ မရမ်းကုန်း၊ ကမာရွတ်၊ စမ်းချောင်း၊ သာကေတ၊ ဒေါပုံနဲ့ မြောက်ဥက္ကလာပမြို့နယ်တွေမှာ နေထိုင်သူတွေဟာ ငလျင်လှုပ်တိုင်း အဆောက်အအုံခိုင်ခံ့မှုအတွက် စိုးရိမ်နေကြတယ်လို့ မြို့ခံတွေက New Day Myanmar ကို ပြောပါတယ်။

၂၀၂၆ ခုနှစ်အတွင်း ရန်ကုန်နဲ့ နီးစပ်တဲ့ဒေသတွေမှာ မှတ်တမ်းတင်ထားတဲ့ ငလျင်တွေထဲမှာ မေလ ၅ ရက်က မအူပင်မြို့ရဲ့ အရှေ့မြောက်ဘက် ကိုးမိုင်ခန့်အကွာကို ဗဟိုပြုပြီး မဂ္ဂနီကျု ၃ ဒသမ ၈ အဆင့် ငလျင်တစ်ကြိမ် လှုပ်ခတ်ခဲ့ပါတယ်။

မေလ ၁၈ ရက် မနက် ၈ နာရီ ၃၅ မိနစ်ခန့်မှာလည်း ကျောက်တန်းမြို့ရဲ့ တောင်ဘက် ကိုးမိုင်ခန့်အကွာကို ဗဟိုပြုပြီး မဂ္ဂနီကျု ၅ ဒသမ ၂ အဆင့် ငလျင်လှုပ်ခတ်ခဲ့ပါတယ်။ အဲဒီငလျင်ကို တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဗိုလ်တထောင်၊ ပုဇွန်တောင်နဲ့ သာကေတအပါအဝင် ရန်ကုန်မြို့နယ်အများအပြားမှာ သိသိသာသာ ခံစားခဲ့ရပါတယ်။

မေလ ၂၂ ရက်မှာ ကျောက်တန်းမြို့ရဲ့ တောင်ဘက် ၂၉ ကီလိုမီတာခန့်အကွာမှာ မဂ္ဂနီကျု ၄ ဒသမ ၂ အဆင့် ငလျင်တစ်ကြိမ် ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။

ဇွန်လ ၁၁ ရက် နေ့လယ် ၁၂ နာရီ ၁၈ မိနစ်ခန့်မှာလည်း တွံတေးမြို့အနီးကို ဗဟိုပြုပြီး မဂ္ဂနီကျု ၄ ဒသမ ၀ အဆင့် ငလျင်လှုပ်ခတ်ခဲ့ကာ စမ်းချောင်း၊ လှိုင်၊ ကမာရွတ်၊ လသာ၊ ဒေါပုံ၊ သာကေတ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပနဲ့ ကြည့်မြင်တိုင်မြို့နယ်တွေမှာ တုန်ခါမှုကို ခံစားခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဇွန်လ ၂၄ ရက် မနက်ပိုင်းမှာလည်း မဂ္ဂနီကျု ၄ ဒသမ ၀ အဆင့် ငလျင်တစ်ကြိမ် ထပ်မံလှုပ်ခတ်ခဲ့ပြီး ရန်ကုန်က နေရာတချို့မှာ တုန်ခါမှုကို ခံစားခဲ့ရပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်မှာ နေထိုင်သူတစ်ဦးက “ဒီလထဲမှာ ငလျင်က ဆက်တိုက်ဆိုသလို လှုပ်နေတော့ စိုးရိမ်တာတော့ အမှန်ပါပဲ။ ရန်ကုန်က ကန်ထရိုက်တိုက်တချို့ဟာ ဟိုးအရင်ကတည်းက အရည်အသွေးလျှော့ပြီး ဆောက်ထားတယ်လို့ ကြားနေရတာပါ။ အဆောက်အအုံဟောင်းတွေလည်း အများကြီးရှိတော့ မန္တလေးငလျင်လို အင်အားပြင်းပြင်းလှုပ်ရင် မတွေးဝံ့စရာပါပဲ” လို့ ပြောပါတယ်။

ဆောက်လုပ်ရေးလောကနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုချက်အရ ရန်ကုန်မှာ လွန်ခဲ့တဲ့နှစ်တွေအတွင်း ကန်ထရိုက်တိုက်အများအပြား ဆောက်လုပ်ခဲ့ပေမယ့် အဆောက်အအုံတချို့မှာ အင်ဂျင်နီယာစံချိန်စံညွှန်းတွေကို အပြည့်အဝလိုက်နာတာမရှိဘဲ ကုန်ကျစရိတ်လျှော့ချရေးကို ဦးစားပေးခဲ့တာတွေ ရှိတယ်လို့ ဆိုပါတယ်။

“အခုဆောက်နေတဲ့ ကန်ထရိုက်တိုက်တွေကို ငလျင်ဒဏ်ခံစံနှုန်းတွေနဲ့ ဆောက်ရမယ်လို့ သတ်မှတ်ထားပေမယ့် ပစ္စည်းအရည်အသွေးလျှော့သုံးတာတွေ ရှိနိုင်ပါတယ်။ ဒါတွေကို သက်ဆိုင်ရာက သေချာစစ်ဆေးပြီး အရေးယူသင့်ပါတယ်။ နောက်တစ်ခုက အန္တရာယ်ရှိတဲ့ တိုက်အိုတိုက်ဟောင်းတွေကိုလည်း စနစ်တကျစစ်ဆေးဖို့ လိုပါတယ်” လို့ မြို့ပြအင်ဂျင်နီယာတစ်ဦးက ပြောပါတယ်။

ရန်ကုန်ရဲ့ ငလျင်အန္တရာယ်ဟာ စစ်ကိုင်းပြတ်ရွေ့တစ်ခုတည်းနဲ့ သက်ဆိုင်တာမဟုတ်ဘဲ ဒေးဒရဲပြတ်ရွေ့၊ ရန်ကုန်မြစ်ဝနဲ့ ကမ်းလွန်ပြတ်ရွေ့ဇုန်တွေကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုတယ်လို့ ငလျင်ဆိုင်ရာ လေ့လာသူတွေက ထောက်ပြထားပါတယ်။

ငလျင်ကြောင့် အဆောက်အအုံတစ်ခု ထိခိုက်မှုရှိ၊ မရှိဟာ ငလျင်အင်အား၊ မြေအောက်အနက်၊ ဗဟိုချက်အကွာအဝေး၊ မြေအမျိုးအစားနဲ့ အဆောက်အအုံရဲ့ မူလခိုင်ခံ့မှုအပေါ် မူတည်ပါတယ်။

လက်ရှိအချိန်အထိ အခုနှစ် ရန်ကုန်အနီး လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေကြောင့် လူသေဆုံးမှုနဲ့ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုရှိကြောင်း တရားဝင်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဒါပေမဲ့ နံရံအက်ကွဲတာ၊ ဘိလပ်မြေကွာကျတာတွေ တွေ့ရှိရတယ်လို့ ဒေသခံတချို့က လူမှုကွန်ရက်မှာ ဓာတ်ပုံတွေနဲ့ မျှဝေနေကြပါတယ်။ အဲဒီပျက်စီးမှုတွေဟာ လတ်တလောငလျင်တွေကြောင့် ဖြစ်တယ်ဆိုတာကိုတော့ New Day Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

မြို့ခံတွေနဲ့ အင်ဂျင်နီယာတွေက ရန်ကုန်မှာရှိတဲ့ ကန်ထရိုက်တိုက်တွေ၊ အထပ်မြင့်အဆောက်အအုံတွေ၊ စာသင်ကျောင်း၊ ဆေးရုံနဲ့ တိုက်အိုတိုက်ဟောင်းတွေကို ငလျင်ဒဏ်ခံနိုင်မှု စစ်ဆေးပြီး အန္တရာယ်ရှိတဲ့ အဆောက်အအုံတွေကို အချိန်မီပြုပြင်တာ ဒါမှမဟုတ် ဖယ်ရှားတာတွေ လုပ်ဆောင်ဖို့ တောင်းဆိုနေကြပါတယ်။

ဆက်စပ် သတင်းများ

Most Read