Homeပြည်တွင်းသတင်းဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့်မွေးနေ့အတွက် တရုတ်ကွန်မြူနစ်ပါတီ ဆုတောင်းပေးပို့

ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့်မွေးနေ့အတွက် တရုတ်ကွန်မြူနစ်ပါတီ ဆုတောင်းပေးပို့

၂၆ ဇွန် ၂၀၂၆ | New Day Myanmar

စစ်အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့အတွက် တရုတ်ကွန်မြူနစ်ပါတီက မွေးနေ့ဆုတောင်းစကား ပေးပို့ခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုံ့ဆော်မှုအဖွဲ့ (CRPP-NLD) က ထုတ်ပြန်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့ရဲ့ သူငယ်ချင်းဟောင်းပါ။ သူ့ကို အစဉ်အမြဲ သတိရနေပါတယ်။ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ ၈၁ နှစ်ပြည့်မွေးနေ့ ဆုတောင်းစကားကို သူ့ဆီ ပေးပို့ပေးပါ။ ကျန်းမာရေးကောင်းမွန်ပြီး အစစအရာရာ အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပေးပါတယ်” လို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာဌာနက ပေးပို့ခဲ့တာဖြစ်ကြောင်း CRPP-NLD က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်ရေးနဲ့ အရာအားလုံး အဆင်ပြေစေရေး ဆုတောင်းပေးခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဌာနနဲ့ နှုတ်အားဖြင့် ဆုတောင်းမေတ္တာပေးပို့ခဲ့ကြတဲ့ နိုင်ငံတကာသံတမန်တွေကို အထူးကျေးဇူးတင်ကြောင်း CRPP-NLD ရဲ့ ဇွန်လ ၂၆ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

CRPP-NLD ကို NLD ဗဟိုအလုပ်ကော်မတီရဲ့ ဦးဆောင်မှုနဲ့ မတ်လ ၂၅ ရက်မှာ ဖွဲ့စည်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် လှုပ်ရှားနေတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့မတိုင်မီ ဓာတ်ပုံကမ်ပိန်းတွေ ပြုလုပ်တာ၊ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရက်ပေါင်းကို ဖော်ပြတာနဲ့ သူမရဲ့ မှတ်သားဖွယ်ပြောစကားတွေကို လူမှုကွန်ရက်တွေမှာ မျှဝေပြီး လွတ်မြောက်ရေးတောင်းဆိုတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဇွန်လ ၁၉ ရက်မှာ ကျရောက်ခဲ့တဲ့ မွေးနေ့အထိ ပြည်တွင်း၊ ပြည်ပက လူပုဂ္ဂိုလ်တွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ အဖွဲ့အစည်းတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ CRPP-NLD က ဆိုပါတယ်။

ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေ၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ယူကေ၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ချက်သမ္မတနိုင်ငံ၊ ဩစတြေးလျ၊ နော်ဝေ၊ တီမောလက်စ်တေနဲ့ ဖိလစ်ပိုင်တို့အပြင် နိုင်ငံတကာလွှတ်တော်တွေ၊ သံရုံးတွေနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်၊ Amnesty International၊ Human Rights Watch၊ The Elders နဲ့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး တောင်းဆိုခဲ့ကြပါတယ်။

အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က လွှတ်တော်အမတ်တွေ၊ သံရုံးတွေနဲ့ အဖွဲ့အစည်းတွေက မွေးနေ့ဆုတောင်းသဝဏ်လွှာတွေ ထုတ်ပြန်ခဲ့သလို နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ တောင်းဆိုချက်တွေကိုလည်း ထည့်သွင်းဖော်ပြခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်တဲ့အထိ ဆက်လက်ကြိုးပမ်းလှုံ့ဆော်သွားမှာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပက ပြည်သူတွေနဲ့ အဖွဲ့အစည်းတွေ ဆက်လက်ပူးပေါင်းပါဝင်ပေးကြဖို့ CRPP-NLD က တိုက်တွန်းထားပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ မွေးနေ့ဆုတောင်းပေးပို့မှုနဲ့ပတ်သက်ပြီး တရုတ်ဘက်က သီးခြားတရားဝင်ထုတ်ပြန်ထားခြင်းရှိ၊ မရှိကို New Day Myanmar အနေနဲ့ လက်ရှိအချိန်အထိ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဆက်စပ် သတင်းများ

Most Read