Homeပြည်တွင်းသတင်းလျှပ်စစ်လိုအပ်ချက်ဖြည့်ဖို့ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ရန် မင်းအောင်လှိုင် တိုက်တွန်း

လျှပ်စစ်လိုအပ်ချက်ဖြည့်ဖို့ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ရန် မင်းအောင်လှိုင် တိုက်တွန်း

၂၄ ဇွန် ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ရေး ဆောင်ရွက်ကြဖို့ စစ်ခေါင်းဆောင် သမ္မတ မင်းအောင်လှိုင်က ဇွန်လ ၂၃ ရက်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြည်ပက တင်သွင်းစရာမလိုဘဲ ပြည်တွင်းထွက် ကျောက်မီးသွေးကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်တာကြောင့် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။

ဒီပြောဆိုချက်ဟာ ရုရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Inter RAO နဲ့ မြန်မာနိုင်ငံသားပိုင် လောင်းလုံစီးပွားဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်တို့ ထားဝယ်အထူးစီးပွားရေးဇုန်မှာ ဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ နားလည်မှုစာချွန်လွှာ ရေးထိုးပြီး သီတင်းပတ်အနည်းငယ်အကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီနားလည်မှုစာချွန်လွှာကို ဇွန်လ ၅ ရက်က ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ ဒုတိယသမ္မတ ဦးညိုစော တက်ရောက်ခဲ့တဲ့ စီးပွားရေးဖိုရမ်အတွင်း လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်အတွက် အဆိုပြုထားတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကနေ စုစုပေါင်း ၆၆၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားပြီး ကနဦးအဆင့်မှာ မဂ္ဂါဝပ် ၂၂၀ ထုတ်လုပ်နိုင်မယ့် စက်ရုံကို တည်ဆောက်သွားမယ်လို့ သိရပါတယ်။

စီမံကိန်းကို ငါးနှစ်အတွင်း အဆင့်ဆင့်တိုးချဲ့တည်ဆောက်ဖို့ ရည်ရွယ်ထားပေမယ့် ကုန်ကျစရိတ်၊ စတင်တည်ဆောက်မယ့်အချိန်နဲ့ ပြီးစီးမယ့်ကာလတို့ကို အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

လက်ရှိ မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်စက်ရုံ ၃၂ ရုံ၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၄ ရုံ၊ ကျောက်မီးသွေးသုံးစက်ရုံ ၂ ရုံနဲ့ နေရောင်ခြည်စွမ်းအင်သုံးစက်ရုံ ၁၂ ရုံရှိပြီး စုစုပေါင်း တပ်ဆင်ထုတ်လုပ်နိုင်စွမ်း ၆,၇၂၅ မဂ္ဂါဝပ်ခန့်ရှိတယ်လို့ စစ်အုပ်စုရဲ့ လျှပ်စစ်ဝန်ကြီးဌာနက ဆိုပါတယ်။

ဒါပေမဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု လျော့နည်းလာတာ၊ ဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံတွေ ပျက်စီးတာကြောင့် နေ့စဉ်လက်တွေ့ထုတ်လုပ်နိုင်မှုဟာ မဂ္ဂါဝပ် ၃,၀၀၀ ကျော်သာရှိပြီး မဂ္ဂါဝပ် ၃,၄၀၀ အထိ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းနေတယ်လို့ ဝန်ကြီးဌာနဘက်က ပြောထားပါတယ်။

ဒါ့အပြင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလက စတင်လည်ပတ်ခဲ့တဲ့ LNG သုံး ဓာတ်အားပေးစက်ရုံကနေ မဂ္ဂါဝပ် ၅၀၀ ထပ်မံရရှိနေတယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင်က နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးဟာ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့လုပ်ငန်းဖြစ်တာကြောင့် ပြည်တွင်းလုပ်ငန်းရှင်တွေ ပါဝင်ရင်းနှီးမြှုပ်နှံကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ်တွေကို ပြည်တွင်းမှာ အစအဆုံးထုတ်လုပ်ရောင်းချနိုင်တဲ့အထိ ဆောင်ရွက်ဖို့နဲ့ လျှပ်စစ်သုံးကုန်တင်ယာဉ်၊ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်တွေကိုလည်း ပြည်တွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေး ဆောင်ရွက်ကြဖို့ သူက ပြောပါတယ်။

ကျောက်မီးသွေးစက်ရုံတည်ဆောက်ရေးနဲ့ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးထိခိုက်မှုဆိုင်ရာ လေ့လာဆန်းစစ်ချက်၊ ဒေသခံပြည်သူတွေရဲ့ သဘောထားရယူမှုနဲ့ စီမံကိန်းအတွက် ကျောက်မီးသွေးရရှိမယ့်နေရာတို့ကိုတော့ စစ်အုပ်စုဘက်က အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ဆက်စပ် သတင်းများ

Most Read