၁၄ ဇွန် ၂၀၂၆ | New Day Myanmar
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသမီးငယ်တစ်ဦးဟာ အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရပြီး ရှမ်းပြည်နယ်၊ ကလောမြို့နယ်ရှိ စစ်သင်တန်းကျောင်းတစ်ခုကို ပို့ဆောင်ခံထားရတယ်လို့ Bahan Information က ဖော်ပြထားပါတယ်။
ပေါ်တာဆွဲခံရသူမှာ မစောယဉ်ထွေးဖြစ်ပြီး သူ အမြန်ဆုံး ပြန်လည်လွတ်မြောက်လာစေဖို့ မိခင်ဖြစ်သူ ဒေါ်လှရင်က ၂၀၂၆ ခုနှစ် ဇွန် ၁၂ ရက် ရက်စွဲနဲ့ နေပြည်တော်ရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ (စစ်ကော်မရှင်) ဥက္ကဋ္ဌထံ လိပ်မူကာ အသနားခံစာ တင်ပြထားတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်ကို အတည်ပြုနိုင်ဖို့ New Day Myanmar က ကာယကံရှင်မိသားစုထံ ဆက်သွယ်စုံစမ်းနေဆဲဖြစ်ပါတယ်။
စစ်ကော်မရှင်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က စတင်အသက်ဝင်စေခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးတွေလည်း ဥပဒေပါ သတ်မှတ်ချက်တွေအတိုင်း စစ်မှုထမ်းရန် တာဝန်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။
အဲဒီဥပဒေအရ သာမန်အရပ်သားအမျိုးသမီးတွေဟာ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ စစ်မှုထမ်းရမှာဖြစ်ပြီး၊ ဆရာဝန်၊ အင်ဂျင်နီယာနဲ့ အခြားကျွမ်းကျင်ပညာရှင် အမျိုးသမီးတွေကတော့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
စစ်မှုထမ်းရမယ့် ကာလကို ပုံမှန်အားဖြင့် ၂၄ လ သတ်မှတ်ထားပေမယ့် နည်းပညာကျွမ်းကျင်သူတွေအတွက် ၃၆ လအထိနဲ့ နိုင်ငံတော်အရေးပေါ်အခြေအနေမှာ ၅ နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်တယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ အပတ်စဉ် စစ်သင်တန်းတွေ ခေါ်ယူဖွင့်လှစ်နေပြီး ယခုလို အမျိုးသမီးငယ်တစ်ဦး အတင်းအဓမ္မ ပေါ်တာဆွဲခံရပြီး စစ်သင်တန်းကျောင်းကို ပို့ဆောင်ခံရတဲ့ ဖြစ်စဉ်ဟာ လူသိရှင်ကြား ထွက်ပေါ်လာတဲ့ ပထမဆုံးဖြစ်စဉ် ဖြစ်တယ်လို့ သိရပါတယ်။


