၁၂ ဇွန် ၂၀၂၆ | New Day Myanmar
ရန်ကုန်မြို့ရှိ ဟိုတယ်တစ်ခုမှာ အမေရိကန်သံတမန်တစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ထိုင်းနိုင်ငံသူ အမျိုးသမီးတစ်ဦးကို လူသတ်မှုနဲ့ တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း AP သတင်းဌာနက ဖော်ပြပါတယ်။
အဆိုပါ အမျိုးသမီးကို ဇွန်လ ၁၁ ရက်နေ့က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး လူသတ်မှုပုဒ်မအပြင် နိုင်ငံခြားသားတစ်ဦးက မြန်မာနိုင်ငံအတွင်း ရာဇဝတ်မှုကျူးလွန်မှုနဲ့ ဆက်စပ်တဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မနဲ့လည်း ပူးတွဲတရားစွဲဆိုထားကြောင်း အမှုနဲ့ နီးစပ်တဲ့ ရှေ့နေနှစ်ဦးကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။
တရားရုံးကြားနာမှုအရ အဆိုပါ အမျိုးသမီးဟာ ပြစ်မှုထင်ရှားကြောင်း စီရင်ခံရမယ်ဆိုရင် ထောင်ဒဏ် ၁၀ နှစ်ကနေ သေဒဏ်အထိ ချမှတ်ခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် ၎င်းအနေနဲ့ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထားခြင်း ရှိ၊ မရှိနဲ့ ဥပဒေအကူအညီ ရရှိထားခြင်း ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။
သေဆုံးခဲ့တဲ့ အမေရိကန်သံတမန်ကို မေလ ၁၁ ရက်နေ့က ရန်ကုန်မြို့ရှိ Sakura Residence ဟိုတယ်မှာ သေဆုံးလျက်သား တွေ့ရှိခဲ့တာဖြစ်ပြီး ဟိုတယ်ဟာ အမေရိကန်သံရုံးနဲ့ ၁ ဒသမ ၅ ကီလိုမီတာခန့်သာ ကွာဝေးပါတယ်။ အဲဒီနေရာဟာ သံတမန်တွေ၊ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နိုင်ငံခြားသားဧည့်သည်တွေ အများဆုံး တည်းခိုလေ့ရှိတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
အမှုနဲ့ နီးစပ်သူတွေရဲ့ ပြောကြားချက်အရ သေဆုံးသူရဲ့ ဦးခေါင်းနဲ့ လည်ပင်းတို့မှာ ဓားဒဏ်ရာတွေ တွေ့ရှိခဲ့ရပြီး လူသတ်မှုအဖြစ် စုံစမ်းစစ်ဆေးနေခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ ဝန်ထမ်းတစ်ဦး သေဆုံးခဲ့ကြောင်း အတည်ပြုထားပေမယ့် သေဆုံးသူရဲ့ အမည်နဲ့ အခြားအသေးစိတ် အချက်အလက်တွေကိုတော့ မိသားစုဝင်တွေရဲ့ ကိုယ်ရေးကိုယ်တာ အခွင့်အရေးကို လေးစားတဲ့အနေနဲ့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
လက်ရှိမှာ မြန်မာရဲတပ်ဖွဲ့၊ ထောင်အာဏာပိုင်တွေနဲ့ ကမာရွတ်မြို့နယ်တရားရုံးတို့က အမှုနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုထားသလို အမေရိကန်သံရုံးကလည်း စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်းသာ ပြောကြားထားပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဖမ်းဆီးခံထားရတဲ့ ၎င်းတို့နိုင်ငံသူအတွက် ကောင်စစ်ဝန်ဆိုင်ရာ အကူအညီတွေ ပေးအပ်နေကြောင်း အတည်ပြုထားပေမယ့် လက်ရှိတရားခွင်အတွက် ဥပဒေရေးရာ အကူအညီ ပေးနိုင်ခဲ့ခြင်း ရှိ၊ မရှိကိုတော့ ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပါဘူး။


