၁၂ ဇွန် ၂၀၂၆ | New Day Myanmar
နေပြည်တော်၊ ပျဉ်းမနားမြို့မှာ ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းက ဆည်မြောင်းအတွင်း ရေကူးနေရာမှ ပြွန်လုံးအတွင်း ဝင်ရောက်သွားပြီး ပြန်လည်ထွက်မလာနိုင်ခဲ့တဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဖြစ်စဉ်ဟာ ဇွန်လ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က ပျဉ်းမနားမြို့ အလျင်လို ဆည်မြောင်းအတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသားတစ်ဦး ရေဆင်းကူးနေစဉ် ပြွန်လုံးအတွင်း ဝင်ရောက်သွားကာ ပြန်လည်ထွက်မလာတာကြောင့် ကယ်ဆယ်ရေးအကူအညီ တောင်းခံခဲ့ရတာ ဖြစ်ပါတယ်။
အကြောင်းကြားချက်ရရှိပြီးနောက် ပျဉ်းမနားမြို့နယ် မီးသတ်စခန်းနဲ့ ပျဉ်းမနား အရန်မီးသတ် Ko Hein Team တို့က ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေဟာ ရေစုပ်စက်နှစ်လုံး အသုံးပြုပြီး ပြွန်အတွင်းရှိ ရေတွေကို စုပ်ထုတ်ကာ ရှာဖွေခဲ့ရပြီး ည ၈ နာရီခွဲခန့်မှာ သေဆုံးသူရဲ့ ရုပ်အလောင်းကို ပြွန်အတွင်းမှ ပြန်လည်ဆယ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူရဲ့ ကိုယ်ရေးအချက်အလက်နဲ့ သေဆုံးရတဲ့ အသေးစိတ်အခြေအနေတွေကိုတော့ မသိရသေးဘဲ သက်ဆိုင်ရာက ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – Ko Hein Team / ပျဉ်းမနားအရန်မီးသတ်


