Homeပြည်တွင်းသတင်းရန်ကုန်မှာ ငလျင်ပြင်းပြင်းထန်ထန် လှုပ်ခတ်၊ အထပ်မြင့်တိုက်ပေါ်က ပြည်သူတွေ ဘေးလွတ်ရာကို ဆင်းပြေးကြရ

ရန်ကုန်မှာ ငလျင်ပြင်းပြင်းထန်ထန် လှုပ်ခတ်၊ အထပ်မြင့်တိုက်ပေါ်က ပြည်သူတွေ ဘေးလွတ်ရာကို ဆင်းပြေးကြရ

၁၈ မေ ၂၀၂၆ | New Day Myanmar

ရန်ကုန်မြို့မှာ ဒီနေ့ မေ ၁၈ ရက် မနက် ၈ နာရီ ၃၄ မိနစ်အချိန်က ငလျင်လှုပ်ခတ်မှု အတော်လေးသိသာခဲ့ပြီး အထပ်မြင့်တိုက်တွေ တုန်ခါသွားတာကြောင့် ရန်ကုန်နေပြည်သူအချို့ လမ်းမပေါ်ကို ဆင်းပြေးကြရတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။

ငလျင်ဟာ ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်ရဲ့ တောင်ဘက် ၉ မိုင်အကွာကို ဗဟိုပြုခဲ့တာဖြစ်ပြီး ငလျင်ပြင်းအားဟာ ရစ်ခ်တာစကေး ၅ ဒသမ ၂ အဆင့်ရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ငလျင်လှုပ်ခတ်မှုဟာ တစ်မိနစ်ကနေ နှစ်မိနစ်ကျော်ခန့်အထိ ကြာမြင့်ခဲ့ပြီး တာမွေမြို့နယ်အပါအဝင် မြို့နယ်အသီးသီးက အထပ်မြင့်တိုက်နေထိုင်သူတွေ ဘေးလွတ်ရာကို အော်ဟစ်ဆင်းပြေးခဲ့ကြရတယ်လို့ သိရပါတယ်။

“ကျွန်မက ရေချိုးနေတာ။ ရေတိုင်ကီထဲက ရေတွေ ဘောင်ဘင်ခတ်တော့ ငလျင်ဆိုတာ သိလိုက်တယ်။ မိနစ်ပိုင်းလောက်တော့ ကြာတယ်။ အတော်များများ တိုက်ပေါ်က ဆင်းပြေးကြတာတွေ့တယ်” လို့ တာမွေမြို့နယ်နေသူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

အလားတူ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်သူတစ်ဦးကလည်း “ကျွန်တော်တို့ရပ်ကွက်မှာ ပျဉ်ထောင်အိမ်များတော့ တဒုတ်ဒုတ်နဲ့ အသံပါထွက်တယ်။ ငလျင်ဆိုတာ သိလိုက်တယ်။ ပျဉ်ထောင်အိမ်နဲ့ဆိုတော့ အသံကိုပါ အတိုင်းသားခံစားရတယ်” လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိတော့ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အသေးစိတ်အခြေအနေတွေကို New Day Myanmar က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး