Homeပြည်တွင်းသတင်းထိုင်းတွင် ကား ၁၀ စီးဖြင့် ဝင်လာသည့် တရားမဝင် မြန်မာလုပ်သား ၁၁၀ ဦးကို အမြန်လမ်းရဲတပ်ဖွဲ့ ဖမ်းဆီး

ထိုင်းတွင် ကား ၁၀ စီးဖြင့် ဝင်လာသည့် တရားမဝင် မြန်မာလုပ်သား ၁၁၀ ဦးကို အမြန်လမ်းရဲတပ်ဖွဲ့ ဖမ်းဆီး

၈ မေ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံအလယ်ပိုင်း ဖစ်ဆနုလုတ်ခရိုင်အတွင်းမှာ ကားတန်းကြီးနဲ့ အုပ်စုလိုက် ဝင်ရောက်လာတဲ့ တရားမဝင် မြန်မာလုပ်သား ၁၁၀ ဦးကို မေလ ၇ ရက် ညသန်းခေါင်အချိန်မှာ ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်ဟာ ဖရုမ်ဖီယမ်မြို့နယ် အမှတ် (၁၁) အဝေးပြေးလမ်းမကြီးပေါ်မှာ ပစ်ကပ်ကား ၁၀ စီး တန်းစီမောင်းလာတာကို လှည့်ကင်းရဲတပ်ဖွဲ့က သတိထားမိရာက စတင်ခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ကို မြင်တာနဲ့ ရှေ့ဆုံးကားက နောက်ကြောင်းပြန်လှည့်ကာ ထွက်ပြေးဖို့ ကြိုးစားခဲ့သလို ကျန်ကားတွေကလည်း လမ်းဘေးလယ်ကွင်းတွေနဲ့ တောအုပ်တွေထဲ အတင်းမောင်းဝင်ပြီး လွတ်မြောက်ဖို့ ကြိုးပမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။

ထိုင်းရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးခဲ့ရာမှာ အမျိုးသား ၇၁ ဦး၊ အမျိုးသမီး ၃၉ ဦး စုစုပေါင်း မြန်မာနိုင်ငံသား ၁၁၀ ဦးနဲ့အတူ ကားမောင်းလာတဲ့ ထိုင်းနိုင်ငံသားတွေကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူ မြန်မာလုပ်သားတွေဟာ ထိုင်းနိုင်ငံအတွင်းပိုင်းရှိ စက်ရုံနဲ့ လုပ်ငန်းခွင်အသီးသီးကို သွားရောက်လုပ်ကိုင်ဖို့အတွက် ပွဲစားတွေကို တစ်ဦးလျှင် ဘတ် ၂၀,၀၀၀ ကနေ ၃၀,၀၀၀ အထိ ပေးဆောင်ခဲ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

လက်ရှိမှာ ဖမ်းဆီးရမိသူတွေကို ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူနိုင်ဖို့ ဖရုမ်ဖီယမ်ရဲစခန်းကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုဖြစ်စဉ်နောက်ကွယ်မှာ ပါဝင်ပတ်သက်နေတဲ့ လူကုန်ကူးပွဲစားကွန်ရက်တွေကို ဆက်လက်ဖော်ထုတ်နိုင်ဖို့ ထိုင်းအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး