၈ မေ ၂၀၂၆ | New Day Myanmar
ရန်ကုန်တိုင်းအတွင်းမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေပြီး အဲ့ဒီမိုးတိမ်တောင်တွေ ရွေ့လျားရာ လမ်းကြောင်းတစ်လျှောက်မှာ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုနေထိုင်ကြဖို့ စစ်ကော်မရှင်လက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားပါတယ်။
ဒီကနေ့ မေလ ၈ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝှမ်း နေရာအနှံ့အပြားမှာ မိုးထစ်ချုန်းရွာနိုင်ပြီး ရန်ကုန်၊ မန္တလေးနဲ့ တနင်္သာရီတိုင်းတို့မှာ မိုးရွာသွန်းနိုင်ချေ ရာခိုင်နှုန်း ၈၀ အထိရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တနင်္သာရီတိုင်းမှာ နေရာကျဲကျဲ မိုးရွာနိုင်ပြီး စစ်ကိုင်းတိုင်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။
နေပြည်တော်အပါအဝင် ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာလည်း မိုးရွာနိုင်ချေ ရာခိုင်နှုန်း ၆၀ ခန့်ရှိနေတယ်လို့ မိုး/ဇလက ခန့်မှန်းထားပါတယ်။
လာမယ့် ၂ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနဲ့ ကယား၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ် (တောင်ပိုင်း/အရှေ့ပိုင်း) တွေမှာ မိုးဆက်လက်ထစ်ချုန်းရွာနိုင်ခြေရှိနေတယ်လို့လည်း အသိပေးထားပါတယ်။
မိုးတိမ်တောင်တွေဖြစ်ပေါ်နေချိန်မှာ လေပြင်းတိုက်ခတ်တာနဲ့ မိုးကြိုးပစ်တာတွေ ဖြစ်ပွားနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ သစ်ပင်ကြီးတွေအနီး၊ ဓာတ်တိုင်နဲ့ ကြိုးတွေ အနီးမှာ သတိထားသွားလာကြဖို့၊ အပြင်ထွက်ပါက ထီး၊ မိုးကာ ဆောင်ထားကြဖို့လည်း နှိုးဆော်ထားပါတယ်။


