၈ မေ ၂၀၂၆ | New Day Myanmar
အာဂျင်တီးနားနိုင်ငံက စတင်ထွက်ခွာခဲ့တဲ့ MV Hondius အပျော်စီးသင်္ဘောပေါ်မှာ ဖြစ်ပွားနေတဲ့ ဟန်တာဗိုင်းရပ်စ် (Hantavirus) ကူးစက်မှုဟာ အခုဆိုရင် အာဆီယံဒေသထဲက စင်ကာပူနိုင်ငံအထိ ရောက်ရှိလာပြီး လူ ၂ ဦးကို သီးသန့်ခွဲထားကာ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ 
စင်ကာပူ ကူးစက်ရောဂါအေဂျင်စီ (CDA) ရဲ့ ထုတ်ပြန်ချက်အရ စောင့်ကြည့်ခံနေရသူ ၂ ဦးဟာ အသက် ၆၇ နှစ်နဲ့ ၆၅ နှစ်အရွယ် အမျိုးသား ၂ ဦးဖြစ်ပြီး၊ သေဆုံးသွားသူတစ်ဦးနဲ့ လေယာဉ်တစ်စင်းတည်း အတူစီးနင်းခဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ 
ဟန်တာဗိုင်းရပ်စ်ဟာ ပုံမှန်အားဖြင့် ကြွက်တွေရဲ့ အညစ်အကြေး၊ ဆီးနဲ့ တံတွေးတို့ကနေ ကူးစက်တတ်ပေမယ့် လက်ရှိဖြစ်ပွားနေတဲ့ Andes strain အမျိုးအစားဟာ လူအချင်းချင်း ပြန်လည်ကူးစက်နိုင်တဲ့ ရှားပါးမျိုးကွဲတစ်ခုဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အတည်ပြုထားပါတယ်။ 
လက်ရှိအချိန်အထိ MV Hondius သင်္ဘောနဲ့ ဆက်စပ်ပြီး လူ ၈ ဦးအထိ ကူးစက်မှုတွေ တွေ့ရှိထားကာ ၃ ဦး သေဆုံးထားပြီးဖြစ်တယ်လို့ WHO က ပြောပါတယ်။ 
သေဆုံးသူတွေထဲမှာ နယ်သာလန်နိုင်ငံသား စုံတွဲတစ်တွဲနဲ့ ဂျာမန်နိုင်ငံသားတစ်ဦး ပါဝင်တယ်လို့ သိရပြီး၊ သင်္ဘောပေါ်ပါလာတဲ့ ခရီးသည်တွေဟာ နိုင်ငံပေါင်းများစွာကို ပြန့်နှံ့သွားခဲ့တာကြောင့် နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းတွေက အရေးပေါ် Contact Tracing လိုက်လံဆောင်ရွက်နေပါတယ်။ 
ရောဂါလက္ခဏာတွေအနေနဲ့ အဖျားကြီးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်းနဲ့ အသက်ရှူခက်ခဲလာခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ပြင်းထန်လာပါက အဆုတ်ပျက်စီးမှုအထိ ဖြစ်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။ 
လက်ရှိအချိန်ထိ အဆိုပါဗိုင်းရပ်စ်အတွက် သီးသန့်ကာကွယ်ဆေးနဲ့ တိကျတဲ့ကုသဆေး မရှိသေးဘဲ ကူးစက်ခံရပြီးနောက် ရောဂါလက္ခဏာပြဖို့ ၂ ပတ်ကနေ ၄၅ ရက်အထိ ကြာနိုင်တယ်လို့ သိရပါတယ်။ 
WHO ကတော့ လက်ရှိဖြစ်စဉ်ဟာ COVID-19 လို ကမ္ဘာ့ကပ်ရောဂါအဆင့်ထိ ဖြစ်လာနိုင်ချေ နည်းတယ်လို့ သုံးသပ်ထားပေမယ့် ကြွက်တွေနဲ့ ထိတွေ့မှုရှောင်ရှားတာ၊ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်တာနဲ့ ရောဂါလက္ခဏာရှိပါက ချက်ချင်း ဆေးကုသမှုခံယူတာတွေ ပြုလုပ်ထားဖို့ တိုက်တွန်းထားပါတယ်။


