၂၀ ဧပြီ ၂၀၂၆ | New Day Myanmar
ကရင်ပြည်နယ် ထိုင်းမြန်မာ နယ်စပ်ဒေသမှာရှိတဲ့ KNU ဖွင့်လှစ်ထားတဲ့ ဆေးရုံတစ်ခုကို စစ်တပ်က ဒီနေ့ ဧပြီ ၂၀ ရက် မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗုံးတစ်လုံးဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို ကျရောက်ခဲ့တာကြောင့် ဒေသခံတွေ အရေးပေါ် တိမ်းရှောင်ခဲ့ကြပါတယ်။
မနက် ၁၁ နာရီခန့်မှာ မြန်မာလေတပ်ရဲ့ YAK –130 နဲ့ MiG–29 တိုက်လေယာဉ်တွေက ကရင်ပြည်နယ် အတွင်းရှိ KNU ဆေးရုံနဲ့ အနီးနား အရပ်သားနေထိုင်ရာဒေသတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်ခံရတဲ့နေရာဟာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် မယ်စဲ့ ကျေးရွာနဲ့ မီတာ ၅၀၀ ခန့်သာ ကွာဝေးတဲ့ နယ်စပ်အနီးဒေသဖြစ်ပါတယ်။
ထိုင်းလုံခြုံရေးတာဝန်ရှိသူတွေရဲ့ အဆိုအရ ဗုံးစုစုပေါင်း ၉ လုံးခန့် ကျရောက်ခဲ့ပြီး အဲ့ဒီထဲက တစ်လုံးဟာ မယ်စမ်လက်ဒေသအနီး ထိုင်းနိုင်ငံဘက်ကို ကျရောက်ခဲ့တာကြောင့် ဒေသခံတွေကြား ထိတ်လန့်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒါ့ကြောင့် ထိုင်းတပ်ဖွဲ့ဝင်တွေက ဒေသခံအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဗုံးကျရောက်ရာနေရာအနီးရှိ ပြည်သူတွေကို ဟွေကောင်ကတ်ကျေးရွာကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ပါတယ်။
မြန်မာဘက်ခြမ်းမှာ ထိခိုက်ပျက်စီးမှုနဲ့ လူသေဆုံးမှုအခြေအနေကိုတော့ ယခုအချိန်ထိ မသိရသေးပါဘူး။


