၁၆ ဧပြီ ၂၀၂၆ ၊ New Day Myanmar
ရန်ကုန်ပြည်သူ့ရင်ပြင်နဲ့ မြို့တော်ခန်းမ လမ်းလျှောက်သင်္ကြန်ကို လာရောက်လည်ပတ်တဲ့သူတွေကို လုံခြုံရေးအရလို့ဆိုကာ စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ လည်ပတ်သူတွေဆီကနေ သိရပါတယ်။
“ခန်းမက လမ်းလျှောက်သင်္ကြန်လည်သူတွေကို စက်နဲ့ရော မသင်္ကာရင် ဘေးထွက်ရပ်ခိုင်းပြီး စစ်တယ်။ မီးခြစ်ယူလို့မရဘူး အကုန်သိမ်းတာ။ မီးခြစ်ကို သိမ်းတာတော့ ဘာ့ကြောင့်မှန်းမသိဘူး။ ရင်ပြင်လည်း ဒီအတိုင်းပဲ” လို့ ရန်ကုန် လမ်းလျှောက်သင်္ကြန် လည်ပတ်သူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
ရန်ကုန်မြို့က လူအများဆုံး လည်ပတ်တဲ့ လမ်းလျှောက်သင်္ကြန်ဟာ ရေပက်သူထက် ရေပက်ခံထွက်သူ ပိုများပြီး လမ်းလျှောက်သင်္ကြန်မှာ ပက်နေတဲ့ ရေတွေဟာ သံချေးနံ့တွေ ပါတယ်လို့ သူက ဆက်ပြောပါတယ်။
“သူတို့ရေပိုက်က ဖြန်းပေးတဲ့ရေမှာ သံချေးနံ့တွေ ပါတယ်။ ဒါက ခန်းမရှေ့မှာ။ ရင်ပြင်မှာကလည်း သီချင်းဆိုတဲ့ မဏ္ဍပ်မှာပဲ ရေပက်ပေးနေတာ၊ နေ့ခင်းပိုင်း လာနားတဲ့သူများတယ်” လို့ ဆိုပါတယ်။
ရန်ကုန်သင်္ကြန်မှာ မြို့နယ်အလိုက် မဏ္ဍပ်တွေ ဆောက်ရမယ်လို့ ညွှန်ကြားထားပြီး ရန်ကင်းမြို့နယ်ထဲက မဏ္ဍပ်မှာ ရေမလုံလောက်တာကြောင့် အချိန်ပိုင်းနဲ့သာ ရေပက်နေကြရတယ်လို့လည်း ရန်ကင်းမြို့နယ်နေသူတစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် သင်္ကြန်အတွင်း YBS ယာဉ်တွေ ပြေးဆွဲပေးမယ်လို့ YRTC က ထုတ်ပြန်အသိပေးထားပေမယ့် YBS ယာဉ်တွေ မထွက်တာကြောင့် အငှားယာဉ်နဲ့ အောက်ဆိုက်ကားတွေကိုသာ အားပြု စီးနေရတယ်လို့ သိရပါတယ်။
“YBSတွေက ထွက်တာနည်းတယ်။ ညနေပိုင်း လည်ပြီး ပြန်တဲ့သူတွေ အရမ်းဒုက္ခရောက်တာ။ ကားတစ်ခါ ငှားရင်လည်း မသက်သာဘူး။ မြောက်ဒဂုံဘက်ဆို လေးသောင်းလောက် တောင်းတယ်” လို့ ဆိုပါတယ်။
ဓာတ်ပုံ – New Day Myanmar


