Homeပြည်တွင်းသတင်းရန်ကုန်သင်္ကြန်မှာ ယာဉ်တိုက်မှုနဲ့ ယာဉ်မတော်တဆ ဖြစ်ပွားတာတွေရှိနေ

ရန်ကုန်သင်္ကြန်မှာ ယာဉ်တိုက်မှုနဲ့ ယာဉ်မတော်တဆ ဖြစ်ပွားတာတွေရှိနေ

၁၆ ဧပြီ ၂၀၂၆

ရန်ကုန်သင်္ကြန်မှာ ယာဉ်တိုက်မှုနဲ့ ယာဉ်မတော်တဆ ဖြစ်ပွားတာတွေရှိနေပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ New Day Myanmar က စုံစမ်း သိရှိရပါတယ်။

ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့မှာ ရန်ကုန် ပြည်လမ်းမပေါ်မှာ ယာဉ်သုံးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့သလို မင်္ဂလာတောင်ညွှန့်မြို့နယ်နဲ့ သာကေတ ရှုခင်းသာမီးပွိုင့်မှာ ယာဉ်တိမ်းမှောက်တာတွေ ဖြစ်ပွားခဲ့ပြီး လူငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မင်္ဂလာတောင်ညွှန့်မြို့နယ်က ဖြစ်စဉ်ဟာ စက်ဆန်းမှတ်တိုင်နားက New Day ဆီဆိုင်ရှေ့က ဓာတ်တိုင်ကို Lexus အမျိုးအစား ယာဉ်တစ်စီးက ဝင်တိုက်မှု ဖြစ်ပွားခဲ့ပြီး သာကေတ ရှုခင်းသာမီးပွိုင့်က ဖြစ်စဉ်ကတော့ ရေပက်ခံကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့မှာလည်း တာမွေမြို့နယ် ပုသိမ်ညွန့်ရပ်ကွက်မှာ Honda Fit တစ်စီးဟာ လမ်းပေါ်ရပ်ထားတဲ့ ကားတွေကို ဝင်တိုက်ပြီး ပက်လက်လန်သွားခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

“ဖြစ်စဉ်တွေကြည့်လိုက်ရင် အပျော်လွန် အမူးလွန်တာတွေကို တွေ့ရတယ်။ ယာဉ်တိုက်မှုမှာ သေဆုံးတာတော့ မတွေ့သေးဘူး၊ ထိခိုက်ဒဏ်ရာရတာများတယ်” လို့ ရန်ကုန် သင်္ကြန်မှာ Medical Cover ယူပေးနေတဲ့ လူမှုကူညီရေးအဖွဲ့ တာဝန်ခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး